DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း  ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှု မြင့်တက်
DVB
·
November 23, 2017
စစ်ကိုင်းတိုင်းအတွင်း  ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှု မြင့်တက်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားရာသီ မရောက်သေးပေမယ့်လည်း ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှုနှုန်း မနှစ်ကထက် သိသိသာသာ မြင့်တက်နေတယ်လို့ စစ်ကိုင်းတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ခရီးသွားဇုန် ၆ ဇုန် ဖော်ဆောင်နေပြီး ပြည်တွင်း ဘုရားဖူးခရီးသည်တွေနဲ့ ပြည်ပခရီးသွား ဧည့်သည်တွေကို ရည်မှန်းပြီး စစ်ကိုင်းဇုန်၊ မုံရွာဇုန်၊ ရွှေဘိုဇုန်၊ ကသာဇုန်၊ ကလေးဇုန်နှင့် ခန္တီးဇုန်ဆိုပြီး ဇုန် ၆ ခုကို ဖွဲ့စည်းသတ်မှတ်လုပ်ဆောင်နေတာပါ။

မူလရှိပြီးသား ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှုလက်ရာ၊ စေတီပုထိုး၊ ဂူတွေအပြင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အပန်းဖြေစခန်းတွေ၊ သဘာဝအခြေခံ ကျောက်တောင်၊ ကျောက်ဂူတွေ စတဲ့ ပြည်တွင်း ပြည်ပ ခရီးသည်တွေ စိတ်ဝင်စားမယ့် လေ့လာအပန်းဖြေစရာ နေရာတွေကိုလည်း ရှာဖွေဖော်ထုတ်နေပြီး လက်ရှိဇုန် ၆ ခုမှာ နေရာအသစ် ၁၇ ခုကိုလည်း ရှာဖွေတွေ့ရှိထားပြီး လာရောက်လေ့လာ အပန်းဖြေသူတွေ သွားလာနေထိုင်ရေး အဆင်ပြေစေရန် ပြင်ဆင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ နေရာတွေကနေ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှုက ၂၀၁၅-၁၆ မှာ ၁ သိန်း ၁ သောင်းကျော်၊ ၂၁၀၆-၁၇ မှာ ၁ သိန်းခွဲကျော်နဲ့ ဒီနှစ်မှာတော့ ၈ သောင်းကျော်အထိ ရှိနေပြီး တနှစ်ထက် တနှစ် မြင့်တက်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက “ဟိုတယ်ခရီးက လိုင်စင်ပေးထားတဲ့ နေရာတွေမှာ ဝင်ရောက်တည်းခိုမှု ကိန်းဂဏန်းနဲ့ ပြောရရင် ၂၀၁၅-၁၆နှင့် ၂၀၁၆-၁၇ နှိုင်းယှဉ်ရင် ဝင်ရောက်တဲ့ တိုးတက်မှုက ၃၀ ဒသမ ၉၃ ရာခိုင်နှုန်း တိုးတက်တယ်။ အခု ၂၀၁၆-၁၇ ဧပြီကနေ အောက်တိုဘာထိနှင့် ၂၀၁၇-၁၈ ဧပြီကနေ အောက်တိုဘာ လပိုင်းလေးကို နှိုင်းယှဉ်တဲ့အခါ ၁၄ ဒသမ ၆၈ ရာခိုင်နှုန်း တိုးတက်နေတယ်။ ဒါတောင် နောက်ထပ် တကယ့်ခရီးသွားရာသီ ၅ လ ကျန်နေပါသေးတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းကို လာရောက်တဲ့ ပြည်တွင်း ပြည်ပ ခရီးသွားတွေအတွက် အဝေးပြေးလမ်းတွေမှာ စက်သုံးဆီရောင်းတဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ဆီဖြည့်သည်ဖြစ်စေ မဖြည့်သည်ဖြစ်စေ ဝင်ရောက်ပြီး ကိုယ်လက်သန့်စင်တာတွေ လုပ်နိုင်ဖို့ အိမ်သာပါတဲ့ နားနေခန်းတွေလည်း လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

“မုံရွာနှင့် စစ်ကိုင်းကြားမှာဆိုရင် ၆ ခု၊ ရွှေဘိုနှင့် စစ်ကိုင်းကြားမှာ ၂ ခုလုပ်ထားပြီးပါပြီ။ ကျန်တဲ့နေ လမ်းပိုင်းတွေမှာလည်း အများကြီးလုပ်ဖို့ ရှိသေးတယ်။ ညှိနှိုင်းနေပါတယ်။ အဆင်ပြေသွားမှာပါ။ ပြီးတော့ မင်းကွန်း၊ ဖိုလ်ဝင်တောင်တွေမှာ နားနေခန်းတွေ လုပ်ထားပြီးပြီ။ ဟန်လင်းမှာလည်း လုပ်ဖို့ရှိတယ်” လို့ ဦးအောင်သူဦးက ပြောပါတယ်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံး ဝိုင်းဝန်းဆောင်ရွက်ဖို့လိုပြီး တာဝန်ရှိသူတွေ အနေနဲ့လည်း ကြိုးစားလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေများစွာ ရှိနေပြီး ဟိုတယ်၊ ခရီးမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီက ၁ ခုတည်းသာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013