DVB Logo
Home
မြန်မာသတင်း
မြန်မာတပ်မတော်အရာရှိ ၁ ဦး ထိုင်းနိုင်ငံတွင် ကားမှောက်သေဆုံး
DVB
·
November 23, 2017
မြန်မာတပ်မတော်အရာရှိ ၁ ဦး ထိုင်းနိုင်ငံတွင် ကားမှောက်သေဆုံး
Donate to DVB

 

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ နိုဝင်ဘာ ၂၁ ရက်ညက ကေအန်ယူကရင်တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ မော်တော်ယာဉ်တစီး လမ်းဘေးက သစ်ပင်တပင်ကို ၀င်တိုက်မိလို့ လူ ၄ ဦးသေဆုံး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၁ ရက် သန်းခေါင်ကျော် ၂၂ ရက်နေ့အကူးအချိန်က ထာ့ဆောင်ယန်း နဲ့ မယ့်စရိန်းသွား ကားလမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆထိခိုက်မှုရှိကြောင်း သတင်းအရ အရေးပေါ်လူနာတင်ကားတွေနဲ့အတူ အခင်းဖြစ်တဲ့နေရာကို သွားရောက်ခဲ့တယ်လို့ ထာ့ဆောင်ယန်းမြို့နယ် မဲ့မျနယ်မြေရဲစခန်း တာဝန်ရှိက သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ရောက်ရှိသွားချိန် တောင်ပေါ်လမ်းအကွေ့တနေရာမှာ လမ်းဘေးက သစ်ပင်တပင်ကို တိုက်မိပြီး ကားရှေ့ခေါင်းတခုလုံးကြေမွနေတဲ့ ငွေရောင် အီဇူးဇူး ဟိုင်းလပ်ကားတစီး တွေ့ရှိရကြောင်း၊ ကားထဲမှာရော ကားအပြင်ဘက်ကို လွှင့်ကျလာတဲ့ ဒဏ်ရာရသေဆုံးသူတွေ တွေ့ရှိရကြောင်း၊ စစ်ဆေးချက်အရ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရကာ အားလုံးကို ထာ့ဆောင်ယန်းဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ ရဲစခန်းတာဝန်ရှိသူက ပြောပါတယ်

ဒဏ်ရာရသူတဦး ပြောပြချက်အရ အဆိုပါကားထဲမှာ စစ်သားတွေပါလာပြီး နယ်စပ် လုံခြုံရေး ကိစ္စ အစည်းအဝေးသွားပြီး ပြန်လာကြတာဖြစ်ကြောင်း၊  ယာဉ်မောင်းက အမြန်မောင်း နှင်လာပြီး အကွေ့မှာ ကားပျက်လို့ အရှိန်မထိန်းနိုင်တဲ့အတွက် လမ်းဘေးက သစ်ပင်ကို တိုက်မိခဲ့တာလို့ ဆိုပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး  ကေအဲန်ယူ / ကေအန်အယ်လ်အေကို ဒီဗွီဘီက  ဆက်သွယ် မေးမြန်းရာမှာ ကေအန်အယ်လ်အေ ဗဟိုတပ်ရင်း တာဝန်ရှိသူ  ဗိုလ်မှူး စဲဖရက်တ်က  မြန်မာ့ တပ်မတော် တာဝန်ရှိသူနဲ့ သူတို့တပ်ဖွဲ့ဝင်တွေဟာ  ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့မှာ ထိုင်းစစ်တ ပ်ဘက်က အရာရှိတွေနဲ့ နယ်စပ်လုံခြုံရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း၊ အပြန်ခရီးမှာ ကားက မတော်တဆဖြစ်ခဲ့တာလို့ ပြောပါတယ်။

“အစည်းအဝေးသွားတက်တာတော့ ကျနော်တို့ ကရင်တပ်ဖွဲ့တွေလည်းပါတယ်၊ မတော်တဆ ဖြစ်သွားတဲ့ကားမှာတော့ ကရင်စစ်သားတယောက်မှ မပါဘူးခင်ဗျ။ အဲဒီကားထဲမှာ      လှိုင်းဘွဲ့မြို့နယ် မဲသဝေါနဲ့ ခလယ့်ဒေးစခန်းအခြေစိုက် ခလရ ၂၈ က မြန်မာတပ်ရင်းမှူး ၁ ဦး၊  ဒုတပ်ရင်းမှူး ၁ ဦး၊ ထိုင်းကွန်မန်ဒိုတပ်က ၂ ဦး၊ ကားမောင်းသမား ထိုင်းကရင်၁ဦးနဲ့ အရပ်သား ကရင်လူမျိုး၁ဦး စုစုပေါင်း ၆ ဦး ပါလာတယ်။ ကားတိုက်မှုဖြစ်ပြီးတော့ မြန်မာ့တပ်ဘက်က ဒုတပ်ရင်းမှူး ဗိုလ်မှူးလင်းစိုး သေဆုံးပြီး တပ်ရင်းမှူးက ဒဏ်ရာရတယ်။  ထိုင်းစစ်သား ၂ ဦး နဲ့ ကားမောင်းသမား ကရင်လူမျိုး၁ဦးလည်း သေဆုံးတယ်။ ကရင်အရပ်သားတယောက်က ခြေထောက်ကျိုးသွားတယ်။”

မြန်မာဒုတပ်ရင်းမှူး အလောင်းကို သက်ဆိုင်ရာတပ်ရင်းသို့ ပြန်သယ်သွားပြီး တပ်ရင်းမှူးမှာလည်း ဒဏ်ရာမပြင်းထန်တဲ့အတွက် ဆေးရုံက ဆင်းသွားပြီလို့   ဗိုလ်မှူး စဲဖရက်တ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013