DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ကျောက်ထုတ်ယူနေမှုကို သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံများ သေနတ်ပစ်ဖောက် ခြောက်လှန့်ခံရ
DVB
·
November 23, 2017
ဘားအံတွင် ကျောက်ထုတ်ယူနေမှုကို သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံများ သေနတ်ပစ်ဖောက် ခြောက်လှန့်ခံရ
Donate to DVB

ဘားအံမြို့နယ်၊ လွန်းည(စံပြ)ကျေးရွာမှာ လမ်းခင်းကျောက် ထုတ်ယူနေမှုကို သွားရောက် ကြည့်ရှုခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ ဒေသခံလူငယ်တွေနဲ့ ရွာသားတွေကို အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းက သေနတ်ပစ်ဖောက်ပြီး ခြောက်လှန့်ခံခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနက် ၉ နာရီက ဘားအံမြို့ ပါရာဒိုက်ဟိုတယ်မှာ ပြုလုပ်တဲ့ လွန်းညတောင် ကျောက်ထုတ်လုပ်ရေးကိစ္စ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေက ပြောဆိုလိုက်တာပါ။

နိုဝင်ဘာ ၁၅ ရက်နေ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ ဒေသခံ လူငယ်တွေ၊ ကျောင်းဒကာတွေ ပါဝင်တဲ့ ၁၃ ဦးက ကျေးရွာအနီးက တောင်တွေနဲ့ လမ်းခင်းကျောက် ထုတ်ယူခံရတဲ့ တောင်တွေရဲ့ အခြေအနေတွေကို ကား ၂ စီးနဲ့ သွားရောက်ကြည့်ရှုခဲ့ရာမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ဖောက်ခြောက်လှန့်တာကို ခံခဲ့ရတယ်လို့ ပြောပါတယ်။

လွန်းည စံပြကျေးရွာဂေါပက ဥက္ကဋ္ဌ ဦးအောင်မြတ်ကျော်က “သေနတ် ပစ်ဖောက်မှုတုန်းက ဘကြီးလည်း ပါတယ်။ ပတ်ပတ်လည်တောင်ကို လိုက်ကြည့်တော့ အဲဒီမှာ ဟိုက်ဂျက် ၁ စီးရယ်၊ ပရိုဘောက် ၁ စီးရယ် သွားတာ။ ကျောက်မိုင်းနားရောက်တော့ ခဏနားပြီး အိန္ဒုအဆင်းလမ်း အကွေ့မှာ သေနတ်နဲ့ပစ်တယ်။ ဒါပေမယ့် ကားကတော့အဖြူ၊ အနောက်မှာ ဟိုက်ဂျက်ကား စီးလာတဲ့ သဘာဝပတ်ဝန်းကျင်လူငယ်တွေက ဓာတ်ပုံရိုက်ထားတယ်။ ကားနံပါတ်ရော ကားရော”လို့ ပြောပါတယ်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက “ကျနော်တို့ ဒီကျောက်မိုင်းကိစ္စက တရားဝင် ခွင့်ပြုပေးထားတာ။ လုပ်ငန်းလုပ်တဲ့သူဆီမှာ လုပ်ခွင့်လိုင်စင်ရှိတယ်။ သေနတ်ပစ်ခတ်မှုကတော့ လောလောဆယ် ကျနော်တို့က ဒီ ၂၄ ရက်နေ့ ပွဲအတွက် ပြင်ဆင်နေလို့ပါ။ အဲဒါ ပြီးတာနဲ့ စိစစ် ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။

သဘာဝတောင်တွေရဲ့ အလှတရားတွေ မပျောက်ပျက် မပျက်စီးရအောင် မူလအတိုင်း လွန်းည စံပြကျေးရွာမှာ တည်ရှိနေဖို့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

အဆိုပါ ကျောက်တောင်ကနေ ကျောက်ကျင်းပေါင်း ၁ သိန်း ၃ သောင်း ကို ၃ နှစ်အတွင်း ထုတ်ယူသွားမှာဖြစ်ပြီး၊ အိန္ဒုတိုက်နယ်ဒေသ ဖွံ့ဖြိုးရေးအတွက် ၁ ကျင်း ၂၀၀၀ ကျပ် ပေးသွင်းနေပေမယ့် ငွေကို ဘယ်လိုခွဲဝေသုံးစွဲနေကြောင်း မသိရှိရဘူးလို့ သတင်းစာရှင်းလင်းပွဲ တာဝန်ခံက ပြောပါတယ်။

လွန်းညတောင် ကျောက်ထုတ်ယူနေမှုကို ပတ်ဝန်းကျင်ကျေးရွာ ၇ ရွာက ဒေသခံ ရွာသူ ရွာသား ၇၀၀၀ ခန့်က ကန့်ကွက်ကြောင်း စုပေါင်းလက်မှတ် ရေးထိုးထားတဲ့စာကို ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြသွားမှာဖြစ်ပြီး နိုင်ငံတော်သမ္မတထံကိုပါ ဆက်လက်တင်ပြသွားမယ်လို့ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013