DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် လူမျိုးစုရှင်းလင်းမှု စိစစ်တွေ့ရှိဟု အမေရိကန် ကြေညာ
DVB
·
November 23, 2017
ရခိုင်ပြည်နယ်တွင် လူမျိုးစုရှင်းလင်းမှု စိစစ်တွေ့ရှိဟု အမေရိကန် ကြေညာ
Donate to DVB

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမျိုးစုအလိုက် ရှင်းလင်းမှုရှိခဲ့တာ စိစစ်တွေ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က မြန်မာပြည်ခရီးစဉ်အပြီး ထုတ်ပြန်  ကြေညာပါတယ်။

ရရှိတဲ့ အချက်အလက်တွေကို ဂရုတစိုက် စေ့စပ်သေချာစိစစ်ပြီးနောက်  ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေဟာ  ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းမှုဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီလိုရက်စက်မှုတွေအတွက် တာဝန်ရှိသူတွေ တာဝန်ခံရမှာ ဖြစ်တယ်၊ တာဝန်ယူ တာဝန်ခံမှု ရှိလာစေဖို့  မြေပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အချက်အလက်တွေအားလုံးကို အများယုံကြည်လက်ခံတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အမေရိကန်က ဆက်လက်ပံ့ပိုး ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့  နိုင်ငံနယ်နိမိတ်အတွင်းမှာ ရှိတဲ့သူအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့  မလိုက်နာသူတွေကို အရေးယူဖို့နဲ့  တာဝန်ယူ တာဝန်ခံမှု ရှိလာစေဖို့အတွက် ပစ်မှတ်ထား အရေးယူတာတွေလုပ်ဖို့ အပါအဝင် အမေရိကန်ရဲ့ ဥပဒေနဲ့အညီ လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးရက်စ်တေလာဆန်က ပြောပါတယ်။

ဒါ့အပြင် သြဂုတ် ၂၅ ရက်က လုံခြုံရေးတပ်ဖွဲ့တွေအပေါ် ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့မှုကို ရှုတ်ချကြောင်း၊ ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာသွားသူတွေ ဘေးကင်းစွာ ဆန္ဒအလျောက် ပြန်လာနိုင်ရေး မြန်မာအစိုးရရဲ့ ဆောင်ရွက်နေမှုတွေကို ထောက်ခံတယ်၊ ဒုက္ခသည်တွေ ပြန်ပို့ရေးကိစ္စ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအကြား ဆွေးနွေးညှိနှိုင်းနေတာတွေကို ကြိုဆိုတယ်လို့လည်း ပြောပါတယ်။

အမေရိကန်အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ထိခိုက်ခံစားရသူတွေအတွက် လူသားချင်း စာနာမှုအကူအညီ အမေရိကန် ဒေါ်လာ ၄၇ သန်း ပေးမယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က သွားရောက်ခဲ့တဲ့ မြန်မာပြည်ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ဟာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မြန်မာတပ်မတော်ကတော့ ရခိုင်ပြည်နယ်ထဲမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ လူမျိုးစုအလိုက် ရှင်းလင်းမှုတွေ မရှိတဲ့အကြောင်း  ဒုဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်တဲ့ တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလားတူ ဒုသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ မောင်တောဒေသ  စုံစမ်းစစ်ဆေးရေး ကော်မရှင်ကလည်း ရခိုင်ပြည်နယ် မောင်တောဒေသ ဖြစ်စဉ်တွေမှာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ရပ်မျိုးတွေ လုံးဝမရှိဘူးလို့ ပြေကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013