
တနင်္သာရီတိုင်းဒေသကြီးအတွင်း အစိုးရ ၂ ဖွဲ့ မရှိရလေအောင် ပူးပေါင်းဆောင်ရွက်ထား နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှ နိုဝင်ဘာလ ၁၉ ရက်နေ့က ချောင်းကြီးဝကျေးရွာကို ရောက်ရှိစဉ် ပြောကြားသွားခဲ့ပါတယ်။
မြိတ်ကျွန်းစုအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သွားရောက်ခဲ့တဲ့ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ မူးယစ်ဆေးဝါးကိစ္စ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောကြားခဲ့ပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့ ဌာနဆိုင်ရာတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တာပါ။
“မူးယစ်ဆေးဝါး ကိစ္စကတော့ ကျမတို့ တတ်နိုင်သမျှ ဆောင်ရွက်နေတယ်။ တနင်္သာရီတိုင်း ဒေသကြီးမှာတော့ မည်သည့်ပြဿနာမှ မရှိပါဘူး။ အားလုံးတက်ညီလက်ညီနဲ့ ဒေသအကျိုးစီးပွား အတွက် ဆောင်ရွက်နေပါတယ်။ အစိုးရအဖွဲ့နှစ်ဖွဲ့ မရှိရလောက်အောင်ကို ကျမတို့ ဆောင်ရွက် နေပါတယ်။ ဒီအတွက်လည်း တနင်္သာရီတိုင်းဒေသကြီးက ထွေအုပ်၊ ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်။ အတူပူးပေါင်းဆောင်ရွက်နိုင်လို့လည်း မိန်းကလေး တယောက်အနေနဲ့ ဒီလို တိုင်းဒေသကြီးတခုကို ဦးဆောင်ပြီး သွားနေလို့ရတာပါ။ တယောက်နဲ့ တယောက် ဒေါသတွေနဲ့ သွားနေရင်တော့ ဒေသဖွံ့ဖြိုးရေးတွေ မလုပ်နိုင်ဘဲ ညံ့ဖျင်းနေမှာ ဖြစ်ပါတယ်”လို့ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်မှ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ပြည်သူများကြားမှာ မြန်မာနိုင်ငံရှိ လက်ရှိအနေထားအရ အစိုးရအဖွဲ့ ၂ ဖွဲ့ရှိနေတယ်လို့ ပြောကြားနေတဲ့အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြန်လည်ဖြေရှင်းတဲ့အနေနဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
MRTV မှ လစဉ် ရွေးချယ်ထုတ်လွှင့်တဲ့ ‘ဦးဆောင်မြင့်မား စွမ်းပကားနဲ့ မြန်မာ့ အသိုက်အဝန်းထဲမှ အမျိုးသမီးစွမ်းဆောင်ရှင်တွေ’မှာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အနေနဲ့ ထိပ်ဆုံးက ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ အမျိုးသမီးရဲမှူးကြီး ဒေါ်ဥမ္မာရင်မီ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ခြေစုံပစ်ဝင်ခဲ့သူ မိုင်ချင်းချင်း၊ မြန်မာ့ဆေးပညာအတွက် အောင်မြင်မှုမှတ်တိုင် စိုက်ထူခဲ့သူ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာနော်မာသေးတို့နဲ့အတူ ထိပ်ဆုံးက ရွေးချယ်ခံထားရတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် ( မြိတ် )











