DVB Logo
Home
မြန်မာသတင်း
စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် မဒေါက်မြို့ ကျေးရွာတချို့ ပြောင်းရွှေ့ရနိုင်
DVB
·
November 23, 2017
စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် မဒေါက်မြို့ ကျေးရွာတချို့ ပြောင်းရွှေ့ရနိုင်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့ရဲ့ စစ်တောင်းမြစ်ရေ တိုက်စားလာမှုကြောင့် ကမ်းပါးပြိုကျလာကာ ကျေးရွာတချို့ ပြောင်းရွှေ့ရဖွယ် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် မဒေါက်မြို့ထဲမှာရှိတဲ့ သောင်းကြီးကျေးရွာ၊ တာဦးကျေးရွာတွေမှာ ကမ်းပါးပြိုကျတဲ့ဒဏ်ကို အများဆုံး ခံစားနေရကာ လူနေအိမ်တချို့ ပြောင်းရွှေ့ရမယ့် အခြေအနေနဲ့ ကြုံလာရတာ ဖြစ်တယ်လို့ ဒေသခံ ရွာသားတဦးဖြစ်တဲ့ ဦးလှဌေးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ကစလို့ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် တဖြည်းဖြည်း ကမ်းပါးပြိုကျလာရာက ခုရက်ပိုင်းမှာ ပိုမိုရေတိုက်စားလာပြီး ကမ်းပါးပြိုကျလာတာကြောင့် သောင်ကြီးကျေးရွာ ကက်လတ်စုအပိုင်းနဲ့ တာဦးကျေးရွာရှိ အိမ်တချို့ ပြောင်းရွှေ့ရမယ့် အခြေအနေနဲ့ ကြုံလာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သောင်ကြီးကျေးရွာသား ဦးလှဌေးက “လွန်ခဲ့တဲ့ ရက် ၂၀ လောက်ကစပြီး နေ့တိုင်းလို ကမ်းပါးက ပြိုလာတယ်။ ခုဆို ကျနော်တို့ ကက်လတ်စုအပိုင်းက အိမ် ၂၅ အိမ်လောက် ပြောင်းရွှေ့ရမယ့် အနေအထား ဖြစ်နေပြီ။ ဝါးတပြန်လောက်ပဲ ရှိတော့တယ်။ လမ်းတွေလည်း စစ်တောင်းမြစ်ထဲ ပါသွားပြီ။ တာဦးရွာမှာလည်း ပြိုနေပြီ။ ကျနော်တို့ ခုဆို ဘယ်ပြောင်းလို့ ပြောင်းရမလဲ မသိဘူး။ ကလေးတွေနဲ့ တိရစ္ဆာန်တွေနဲ့ ပြောင်းပြေးရမယ့် မြေလည်း မရှိတော့ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို ရေတိုက်စားလာတာကြောင့် အိမ်တွေ ပြောင်းရွှေ့နိုင်ဖို့ မြေနေရာအသစ်ကို လိုက်ဝယ်ပေမယ့်လည်း မြေပြန်လည် ရောင်းချပေးမယ့်သူ မရှိတာကြောင့် ကက်လတ်စုအပိုင်းက အိမ် ၂၅ လုံးမှာ ရေတိုက်စား ကမ်းပါးပြိုကျလာမှုကြောင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

သောင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဦးက “ကမ်းပါးပြိုတယ်။ အဆင့်ဆင့်ကို ပြိုတယ်။ အဲဒီနေရာကို သူတို့ ပြောင်းတာဆို သုံးခါလောက် ရှိသွားပြီ။ အခု ကျနော့်လက်ထက်မှာ ကျေးလတ်ကို သဘာဝဘေးအန္တရာယ်တင်တယ်။ ကျေးလတ်ဦးစီးက လာဆင်းကြည့်သွားတယ်။ ထွေအုပ်ကိုလည်း ကျနော်တို့ တင်ထားတယ်။ သူတို့ကတော့ အပေါ်ကို တင်ပေးမယ်ပေါ့။ မြေနေရာရဖို့ သူတို့ကလည်း ပံ့ပိုးမယ်ပေါ့။ အခုထိ ဘာအကူအညီမှ မရဘူး။ သူတို့ လာလည်း မလာတော့ဘူး။ ခုက မြေက ဝယ်လို့လည်း မရဘူး ဖြစ်နေတယ်။ စာသာ တင်ထားတယ်။ ဒီနောက်ပိုင်းတော့ ဘာမှ မထူးလာပါဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီနှစ်အတွင်း စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ညောင်လေးပင်မြို့မှာရှိတဲ့ ပြည်ရေကြီးကျေးရွာနဲ့ မိုးခိုကျေးရွာကို ဆက်သွယ်ထားတဲ့ စစ်တောင်းမြစ်ရေထိန်း တာတမံ ကျိုးကျသွားမယ့် အန္တရာယ်နဲ့လည်း ကြုံခဲ့ဖူးတယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013