
မန္တလေးမြို့ရှိ ရေနီမြောင်းဟာ အရင်က ၁၅ ပေလောက်ကျယ်ရှိခဲ့ရာက အခုဆိုရင် အချို့နေရာတွေမှာ ၄ ပေလောက်ပဲကျန်တဲ့အတွက် မန္တလေးစည်ပင်သာယာအနေနဲ့ အမြန်ထိန်းသိမ်းပေးဖို့ မြို့ခံတွေက လိုလားနေကြပါတယ်။
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေနဲ့ လမ်းတိုးချဲ့ဖောက်လုပ်ခဲ့တာတွေကြောင့် မန္တလေးမြို့ ကို ပတ်လည်စီးဆင်းပြီး အရင်က လယ်ယာတွေကို ရေပေးဝေခဲ့တဲ့ ရေနီမြောင်းဟာ အခုဆို ထိန်းသိမ်းတာမရှိတဲ့အတွက် ရေဆိုးမြောင်းပုံစံဖြစ်နေတာပါ။
စာရေးဆရာ ဆူးငှက်က“ဆည်တော်ကြီးဆယ်ကနေ ကျုံးထဲကို ရေသွင်းခဲ့တဲ့ ရေနီမြောင်းဟာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အတွင်းရှိ ၅၈ လမ်းနဲ့ ၂၂ လမ်းထိ ကျုံးရေပေးသွင်းရာနေရာထိသာ ပြုပြင်တာရှိခဲ့ပြီး ရေနီမြောင်းစီးဆင်းရာ မန္တလေးတက္ကသိုလ်ထိ ထိန်းသိမ်းမှုမရှိတာကြောင့် ရေရှည်မှာ ပျောက်ကွယ်သွားနိုင်တယ်”လို့ ပြောပါတယ်။
ရေနီမြောင်းစီးဆင်းရာ ရပ်ကွက်တွေမှာ ချိုးရေ၊ သုံးရေကနေ သောက်ရေအထိ အရင်က အသုံးပြုခဲ့တဲ့ မြောင်းလည်းဖြစ်ပါတယ်။











