DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ဈေးများကို FDA ၀င်ရောက်စစ်ဆေး၊ ဖော်မလင်နှင့် ခွင့်မပြုအက်ဆစ်အသုံးပြုမှုတွေ့ရှိ
DVB
·
November 22, 2017
စစ်ကိုင်းတိုင်းတွင် ဈေးများကို FDA ၀င်ရောက်စစ်ဆေး၊ ဖော်မလင်နှင့် ခွင့်မပြုအက်ဆစ်အသုံးပြုမှုတွေ့ရှိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာနဲ့ စစ်ကိုင်းမြို့တွေမှာရှိတဲ့ ဈေးတွေကို လိုက်လံစစ်ဆေးရာမှာ ဖော်မလင်နဲ့ ခွင့်မပြုအက်ဆစ်တွေ အစားအသောက်တွေထဲမှာပါဝင်နေတာ စစ်ဆေးတွေ့ရှိ တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDAမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

FDAနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီး နိုဝင်ဘာ ၂၀ ရက်က စတင်ကာ စစ်ကိုင်းမြို့က ဈေးတွေနဲ့ မုံရွာမြို့က သာစည်ဈေး၊ မြသလ္လာဈေး၊ ချင်းတွင်းရတနာဈေး၊ သီရိရတနာဈေး စတဲ့ဈေးကြီးတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ရွေ့လျားဓာတ်ခွဲခန်းပါတဲ့ကားနဲ့ လိုက်လံစစ်ဆေးခဲ့ရာမှာ တွေ့ရှိခဲ့တာပါ။

စစ်ကိုင်းမြို့ဈေးတွေကနေ နမူနာ ၈၅ မျိုးကောက်ယူခဲ့တဲ့အထဲက ၄၆ မျိုးစစ်ဆေးကို စစ်ဆေးရာမှာ ၂၆ မျိုးက အစားအသောက်မှာခွင့်မပြုတဲ့ Salicylic Acid အချဉ်ဓာတ်တွေကို လဖက်၊ ငပိ၊ ပဲတီချဉ်၊ မုန့်ချဉ်တွေမှာ အသုံးပြုထားတာကို တွေ့ရှိခဲ့ရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာတော့ မုံရွာမြို့က ဈေးကြီး၎ခုမှာ စစ်ဆေးနေပြီး ၈၅ မျိုးနမူနာကောက်ယူထားတဲ့ အစားအသောက်တွေထဲက ၂၇ မျိုးမှာ Salicylic Acid အချဉ်ဓာတ်တွေကို တွေ့ရှိထားပါတယ်။ ဒီနေ့မှာတော့ ဈေးကြီး၂ဈေးက ၁၂၇ မျိုးကောက်ယူထားပြီး စစ်ဆေးဖို့လုပ်ဆောင်နေတဲ့အပြင် မုံရွာမြို့က မုန့်တီဖိုတွေကနေလည်း ၂၂ မျိုးကောက်ယူထားပြီး အဖြေတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါက်တာလှဝင်းရွှေက “ကျမတို့အနေနဲ့ ၂၀ ရက်နေ့က စစ်ကိုင်းကဈေးတွေမှာ စစ်ဆေးတယ်။ ၂၁၊ ၂၂ ရက်နေ့က မုံရွာမှာစစ်ဆေးတယ်။ ၂၃ ရက်နေ့မှာ ရွှေဘို၊ ၂၄ ရက်နေ့မှာ တန့်ဆည်တို့မှာ စစ်ဆေးမှာပါ။ အခုထိ ကောက်ယူထားတဲ့ နမူနာတွေထဲက လက်ဖက်ချဉ်၊ ချင်းချဉ် လက်လုပ်ချဉ်တွေထဲမှာတော့ Salicylic Acid အချဉ်ဓာတ်တွေကို အများဆုံးတွေ့ရတယ်။ ပဲသွေး၊ ပဲပြားတို့ထဲမှာတော့ ဖော်မလင်တွေ သုံးထားတာတွေ့ရတယ်။ အခုတွေ့ရှိထားတဲ့ဟာတွေက လူတွေကို ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တယ်။ နောက်ဆုံး ကင်ဆာအထိ ဖြစ်နိုင်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကိုင်းတိုင်း FDA အနေနဲ့ ၂၀၁၅ ခုနှစ်က တကြိမ်၊ ခုတကြိမ် တိုင်းအတွင်းမှာရှိတဲ့ မြို့အားလုံးကို လိုက်လံစစ်ဆေးပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဓာတုပစ္စည်းတွေကို အစားအသောက်တွေမှာ ထည့်သွင်းသုံးစွဲတာတွေ့ရှိရင် ပထမအကြိမ်မှာ ခံဝန်လက်မှတ် ထိုးခိုင်းမှာဖြစ်ပြီး နောက်တခါဆိုရင်တော့ အစားအသောက် ဥပဒေအရ အရေးယူမယ်လို့ ဒေါက်တာလှဝင်းရွှေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း FDA အနေနဲ့ အစားအသောက်တင်မက ဆေးဝါးတွေကိုလည်း အနည်းဆုံး ၂ လတကြိမ်လောက် လိုက်လံစစ်ဆေးနေတယ်လို့သိရပါတယ်။ အဲလိုစစ်ဆေးနေတဲ့အတွက် စပ်ဆေးရောင်းတာ၊ ဆေးဝါးအတုရောင်းတာတွေလည်း လျော့နည်းသွားပြီး ရက်လွန် ဆေးဝါးတွေကိုလည်း နောက်ပိုင်းမှာ မီးရှို့ဖျက်ဆီးသွားမယ်လို့ဆိုပါတယ်။

အခုလို ဈေးတွေအတွင်းမှာ လိုက်လံစစ်ဆေးတာကို ဈေးသည်တွေ၊ ပြည်သူတွေကလည်း ကြိုဆိုကြပြီး ဒီလိုစစ်ဆေးမှုတွေကို တလ တကြိမ်လောက် လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုတာတွေ ရှိပါတယ်။ ဒါမှသာ စားသုံးသူတွေအနေနဲ့ စိတ်ချလက်ချ စားသုံးနိုင်မှာ ဖြစ်သလို ရောင်းချသူတွေအနေနဲ့လည်း ပိုမိုရောင်းအားမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

FDAအနေနဲ့ ဝန်ထမ်းအင်အား နည်းပါးသေးတာ၊ ပစ္စည်းကိရိယာ မစုံလင်သေးတာ၊ သွားလာရေးအတွက် ယာဉ်အခက်အခဲစတာတွေလည်းရှိသေးပြီး နောက်နှစ်တွေမှာတော့ ဒီထက်မက ပိုမိုပြည့်စုံလာရင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013