
ကျပ်သိန်းပေါင်း ၂ သောင်းလောက် လိမ်လည်မှုဖြစ်ခဲ့တဲ့ နောက်ပိုင်း ဆန်အရောင်းအဝယ် ပုံစံတွေပြောင်းလာသလို စည်းကမ်းတွေလည်း ပိုတင်းကျပ်ထားတယ်လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် တာဝန်ရှိသူက ပြောပါတယ်။
လွန်ခဲ့တဲ့ တလလောက်က နိုင်ငံခြားဆန်တင်ပို့သူတယောက်က ငွေကျပ် သိန်းပေါင်း ၁၆၀၀၀ ကျော်ကို မပေးနိုင်တာကြောင့် အမှုအခင်းတွေ ဖြစ်ခဲ့တာပါ။
ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက “နိုင်ငံခြားကို ပို့တဲ့ဈေးထက် ဒီမှာဝယ်တဲ့ ဈေးကမြင့်နေတော့ ရှုံးတာပေါ့။ ဒီလို ဖြစ်မယ်မှန်းသိသိကြီးနဲ့ လုပ်ခဲ့တာဆိုတော့ လိမ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်သလို ဖြစ်နေတယ်။ ငွေရဖို့ ရှိတဲ့သူ ၂၆ ယောက်က တိုင်လို့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။
ရောင်းမှား ဝယ်မှားကတော့ ဖြစ်နေကျပေမယ့် ဒီပမာဏကတော့ အများဆုံး ဖြစ်ဖူးတာ လို့ သူက ပြောပါတယ်။ ဒါကြောင့် ရောင်းလိုသူတွေက လက်ငင်းငွေချေစနစ်ကို ပိုပြီး လိုလားကြလို့ နယ်တွေမှာ အရောင်းအဝယ်ပိုဖြစ်လာကြတယ်လို့ သိရပါတယ်။
“ကုန်စည်ဒိုင်ကို တင်ပြီး ရောင်းတာ လေးပုံတပုံလောက် လျော့သွားတယ်။ အရင်ကတော့ ဈေးနှုန်းကို လိုက်ကြတယ်။ ခုက ငွေနောက်လိုက်ကြတယ်။ ငွေချေမယ့်သူကိုပဲ ရောင်းမယ်ပေါ့။” လို့ ဦးသန်းဦးက ပြောပါတယ်။
လိမ်လည်တာရဲ့ နောက်ဆက်တွဲအဖြစ် ငွေရဖို့ ရှိတဲ့သူတွေထဲက နှစ်ယောက်ဟာလည်း သူတို့ ပေးစရာတွေကို မပေးနိုင်တော့ပဲ မကြာခင်ကမှ ဆန်ကုန်စည်ဒိုင် အသင်းမှာ Black List (အမည်ပျက်စာရင်း) အတင်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာတော့ ဆန်ဝယ်မယ့် သူတွေဆီက ကုမ္ပဏီထောက်ခံချက်ရှိမှ ဝယ်ခွင့်ပေးနေသလို ကုန်စည်ဒိုင်ရဲ့ အပြင်မှာ မရောင်းဖို့၊ ကုန်စည်ဒိုင်မှာ စာရင်းပေးပြီးမှ အရောင်းအဝယ်လုပ်ဖို့ စတဲ့ စည်းကမ်းတွေ ပိုပြီး တင်းကျပ်ထားတယ်လို့လည်း ဦးသန်းဦးက ပြောပါတယ်။











