DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ပိတ်ရက်တွင် လုပ်အားခရရန် စက်မှုအလုပ်သမားသမဂ္ဂတောင်းဆို
DVB
·
April 9, 2012
Donate to DVB

အစိုးရက တရားဝင်အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့ သင်္ကြန်ပိတ်ရက်တွေအတွက် လုပ်ခလစာအပြည့်အ၀ရဖို့ ရန်ကုန်တိုင်း အလုပ်သမားသမဂ္ဂအဖွဲ့တဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အစိုးရ၀န်ထမ်းတွေက သင်္ကြန်ပိတ်ရက်တွေကို လခအပြည့်နဲ့ ခံစားနေရတဲ့ အချိန်မှာ စက်ရုံအလုပ်ရုံ အလုပ်သမားတွေက ပိတ်ရက်အတွက် လခမရတဲ့အတွက် အခုလို တောင်းဆိုရတာလို့ မြန်မာနိုင်ငံ စက်မှုလုပ်ငန်း အလုပ်သမားများသမဂ္ဂ (ရန်ကုန်တိုင်း ဒေသကြီး) ရဲ့ ဥက္ကဋ္ဌ ဦင်္းရဲကျော်သူက ပြောပါတယ်။

“အစိုးရ၀န်ထမ်းတွေက သင်္ကြန်လုပ်အားခကို ၁၀ ရက်ပိတ်ရင် ၁၀ ရက်စာ သူ့တို့ရဲ့ လစာထဲက အပြည့်အ၀ ခံစားခွင့်ရတယ်။ စက်မှုဇုန်မှာရှိတဲ့ အလုပ်သမားတွေအားလုံးက သင်္ကြန်အလုပ်ပိတ်ရက်ကို လုပ်အားခ လုံးဝမရဘူး။ အဲဒါကြောင့် ကျနော်တို့ တောင်းဆိုရခြင်းဖြစ်ပါတယ်။”

သင်္ကြန်ပိတ်ရက်ကြောင့် အလုပ်သမားတွေအနေနဲ့ ပုံမှန်လစာရဲ့ တ၀က်လောက် အဖြတ်ခံရလို့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်တော့မယ်လို့ ဦးရဲကျော်သူက ပြောပါတယ်။

“အခုလိုပိတ်လိုက်တော့ ကျနော်တို့ အလုပ်သမားတွေက စားဝတ်နေရေး အခက်အခဲထိခိုက်တာပေါ့။ ပုံမှန်တလကို ၆ သောင်းလောက် ရနေတယ်ဆိုရင် ထက်ဝက်လောက်ပဲ ရတော့တာလေ။ ၂ သောင်းကျော်၊ ၃ သောင်းလောက် အဖြတ်ခံရတယ်။ ရက်မှန်ကြေးတွေအားလုံး ပြုတ်ကုန်တယ်။”

အစိုးရက တရားဝင်သင်္ကြန်အားလပ်ရက် ၁၀ ရက် သတ်မှတ်ထားပေမယ့် ရန်ကုန်တိုင်းအတွင်းက တချို့ စက်ရုံအလုပ်ရုံတွေမှာ အဲဒီရက်အတွင်း ပိတ်ထားရင် လုပ်အားခမရတာ၊ အကယ်၍ အလုပ်လုပ်ရရင်လည်း ပုံမှန် လုပ်အားခပဲ ရကြတာဟာ အလုပ်သမားအခွင့်အရေးကို ချိုးဖောက်မှုဖြစ်တယ်လို့ ဦးရဲကျော်သူက ပြောပါတယ်။

ဒီနစ်နာချက်တွေကို ဖြေရှင်ပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ တကြိမ်၊ အခုလ ၆ ရက်နေ့ ရက်စွဲနဲ့တကြိမ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ နိုင်ငံတကာက အလုပ်သမားအဖွဲ့အစည်းတွေကို တင်ပြထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စက်မှုလုပ်ငန်းအလုပ်သမားများသမဂ္ဂ (ရန်ကုန်တိုင်း ဒေသကြီး) အဖွဲ့ဟာ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန် (၁၈) ဇုန်ကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင် (၂၀၀၀) ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013