
အခြေခံပညာကျောင်းများမှာ တိုင်းရင်းသားဘာသာစကား ၄၆ မျိုးကို ကျောင်းချိန်ပြင်ပ သင်ကြားပေးနေတယ်လို့ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဒုဥက္ကဋ္ဌ ဦးညီလှငယ်က ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက် ပြည်ထောင်စုလွှတ်တော်မှာ ပညာရေးကော်မရှင်ရဲ့ ရှင်းလင်း ဆွေးနွေးချက်အတွင်း ပြောခဲ့တာ ဖြစ်ပါတယ်။
“အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၄မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှာ တိုင်းရင်းသားစာပေနဲ့ ဘာသာစကား သင်ကြားသင်ယူမှုကို သက်ဆိုင်ရာတိုင်း သို့မဟုတ် ပြည်နယ်အစိုးရရဲ့ အစီအစဉ်ဖြင့် အခြေခံပညာမူလတန်းအဆင့်ကစပြီး အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်နိုင်သည်ဟု ပါရှိရာ အဲ့ဒီဥပဒေနဲ့အညီ တိုင်းရင်းသားဘာသာစကား ၄၆ မျိုးကို တိုင်းဒေသကြီး ပြည်နယ်များရှိ အခြေခံပညာကျောင်းအချို့မှာ ကျောင်းချိန်ပြင်ပမှာ သင်ကြားပေးလျက် ရှိပါတယ်။”
ပထမတန်းကစလို့ အဆင့်ဆင့်သင်ကြားပေးနေပြီး သင်ယူနေတဲ့ ကျောင်းသား ၉၀၀၀ ကျော် ရှိတယ်လို့လည်း ပြောပါတယ်။
ကရင်နီစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး မိုးစက်အောင်လင်းက သူတို့ ပြည်နယ်မှာ ၂၀၁၄ ခုနှစ်ကစလို့ ကယန်း၊ ကယော စတဲ့ ဘာသာစကားတွေကို ကျောင်းချိန်ပြင်ပမှာ တရက် တနာရီ စတင်သင်ကြားခဲ့ပြီး ဒေသသင်ရိုးညွှန်းတမ်းရေးဆွဲဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။
“ကျောင်းစာတခုထဲ မဟုတ်ဘူးလေ။ ကျနော်တို့လူမျိုးတွေရဲ့ဆင်းသက်ပုံ တိုင်းရင်းသား တွေ နေထိုင်ရာဒေသ၊ ပြန့်ကျဲရာဒေသ ပြီးတော့ ဆင်းသက်လာပုံ မိရိုးဖလာလုပ်ငန်း၊ ပထ၀ီဝင်အနေအထား သမိုင်းအနေအထား အဲ့ဒါတွေရေးဆွဲရာမှာ အခက်အခဲ ရှိတယ်။”
အစိုးရက တိုင်းရင်းသားတွေရှိတဲ့ ကျောင်းတိုင်းမှာ ကျောင်းတကျောင်းကို ဆရာတဦး ခန့်ထားဖို့ လူစာရင်းတောင်းနေတယ်လို့လည်း ပြောပါတယ်။
လောလောဆယ်မှာတော့ တိုင်းရင်းသားဆရာ ဆရာမတွေနဲ့ ပြင်ပပညာရှင်တွေက တိုင်းရင်းသားဘာသာစကား သင်ကြားပေးနေတာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနက တိုင်းရင်းသားတွေထဲက ဘွဲ့ရသူတွေကို ဆရာအတတ်သင် သင်တန်းပေးပြီး တိုင်းရင်းသားဘာသားစကားသင်တဲ့ ကျောင်းဆရာ ဆရာမတွေ ခန့်ထားဖို့ စီစဉ်နေပါတယ်။










