
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းမှာ နိုဝင်ဘာ ၂၀ ရက်နေ့၊ ညနေပိုင်းက ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ Sodium Cyanide တွေ စုစုပေါင်း ကျပ်သိန်း ၆၀ နီးပါးခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းက သိရပါတယ်။
သိမ်ဇရပ်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်အောင်စိုးက “သယ်လာတာက မြဝတီဘက်ကနေ ရန်ကုန်ဘက်ကိုပါ။ အားလုံး ၅၀ ကီလိုဂရမ်ပါတဲ့ ပုံးနဲ့ ပုံး ၂၀ ပါ။ ဒါက ရွှေတွေ တူးဖော်တဲ့ နေရာတွေမှာ အများဆုံး သုံးတဲ့ဟာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းမှာ နိုဝင်ဘာ ၂၀ ရက်နေ့၊ ညနေ ၅ နာရီက အကောက်ခွန်မှူး ဦးရန်နိုင်မော်၊ အမှတ် ၃၈ မူးယစ်တပ်ဖွဲ့စု (မော်လမြိုင်)မှ ဒုရဲအုပ်ကြည်လှိုင် ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သက်သေတွေနဲ့အတူ မြဝတီဘက်က ရန်ကုန်ဘက်ကို ခိုင်ထူး (၃၂-နှစ်) မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် အယ်ထူး (၄၃-နှစ်) လိုက်ပါလာတဲ့ ဟွန်ဒိုင်းအမျိုးအစား ခရီးသည်တင် မှန်လုံယာဉ် အနီရောင်ရဲ့ ယာဉ်နောက် ခန်းပေါ်မှာ အပြာရောင်သံပုံးနဲ့ ထည့်ထားတဲ့ TAKEWANG IND.CO.LTD.KOREA SODIUM CYANIDE 50 KGS စာတန်းပါတဲ့ ပုံး ၂၀ ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းအရေးယူခဲ့တာ ဖြစ်ပါတယ်။
Sodium cyanide ဟာ အဆိပ်အတောက်ဖြစ်စေပြီး Ag နှင့် Au ကတော့ ၄င်း NaCN အရည်ကို Silver ore သို့မဟုတ် Gold တို့၏ အမှုန့်ပေါ်ကို စီးဆင်းရင် ငွေနဲ့ရွှေက ပျော်ဝင်ပြီး ကျောက်တုံးတွေသာ ကျန်ခဲ့မှာဖြစ်ကြောင်းနဲ့ Electrolysis နည်းအရ Constant Current Density ကို သုံးပြီး ငွေနဲ့ရွှေကို ထုတ်ယူနိုင်ကြောင်း ဒေါက်တာဝင်းသိန်းရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်း ခိုင်ထူးနဲ့ ယာဉ်နောက်လိုက် အယ်ထူးတို့ ၂ ဦးကို သိမ်ဇရပ်နယ်မြေရဲစခန်းက (ပ)၂၃၀/၂၀၁၇၊ ၂၀၁၃ ခုနှစ် ဓာတုဗေဒပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇/၃၈ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပါတယ်။
သတင်း - ယူမင်းစိုး











