DVB Logo
Home
မေးမြန်းခန်း
ဖုန်းဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်
DVB
·
April 9, 2012
ဖုန်းဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်
Donate to DVB

ရန်ကုန်မြို့က ကုန်ဈေးနှုန်းကျဆင်းရေး စည်းရုံးလှုပ်ရှားသူ ကိုထင်ကျော် ဦးဆောင်တဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ဝင် ၅၀ လောက်ဟာ တယ်လီဖုန်းခ ဈေးနှုန်းတွေ အဆမတန် ပေးဝယ်နေတာကို လျှော့ချပေးဖို့နဲ့ ပြည်သူတွေ လျှပ်စစ်မီး အပြည့်အ၀ရရေးအတွက် ရန်ကုန်မြို့က လူစည်ကားတဲ့ဈေးတွေမှာ ဒီနေ့ မနက်ပိုင်း စည်းရုံး လှုပ်ရှားခဲ့ကြပါတယ်။

ရန်ကုန်မြို့က ဘုရင်နောင်ဈေး၊ ဘုရင့်နောင်ပွဲရုံ၊ စံပြဈေး၊ လှည်းတန်းဈေး၊ သိမ်ကြီးဈေးတို့မှာ စာရွက်တွေ လိုက်ဝေတဲ့အခါ ရဲတွေက လိုက်စောင့်ကြည့်တာ၊ စာရွက်တွေကို လိုက်သိမ်းတာတွေ လုပ်ခဲ့တယ်လို့ စည်းရုံးလှုပ်ရှားသူတွေက ပြောပါ တယ်။

လက်ရှိအစိုးရက ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေတယ်လို့ ဆိုတဲ့အတွက် တန်ဖိုးနည်း တယ်လီဖုန်းတွေကိုလည်း ဈေးနှုန်းမြင့် တယ်လီဖုန်းတွေနဲ့ အပြိုင်ရောင်းတာမျိုးကို ခွင့်ပြုသင့်တယ်လို့ ကုန်ဈေးနှုန်း ကျဆင်းရေး ကြိုးပမ်းနေသူတွေက ပြောပါတယ်။

နေ့လယ်ပိုင်း သိမ်ကြီးဈေးရှေ့မှာ စည်းရုံးလှုပ်ရှားနေတဲ့ ကိုထင်ကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုထင်ကျော်တို့ လျှပ်စစ်မီးရရှိဖို့နဲ့ တယ်လီဖုန်းကို ဈေးနှုန်းလျော့ချဖို့ကိစ္စရယ် လိုက်ပြီးတော့မှ ကန်ပိန်းလုပ်တဲ့ စည်းရုံးလှုပ်ရှားမှုတွေကို လှည်းတန်းမှာ အတားခံရတယ်ပြောတယ်။

[caption id="attachment_23947" align="alignleft" width="310" caption="ကိုထင်ကျော်"][/caption]

“ဟုတ်ပါတယ်။ ကျနော်တို့ ဝေထားတဲ့ စာစောင်တွေပါ သိမ်းသွားတယ်၊ နေ့လယ် ၁၁ နာရီလောက်မှာ လှည်းတန်းဈေးမှာ ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်နေတဲ့အချိန်မှာ အကုန်လုံးသိမ်းသွားတယ်။ ပြန်လာတဲ့အချိန်မှာ စာရွက်တွေ မရှိတော့ဘူး။ မရှိတော့ လှည်းတန်းဈေးထဲမှာ ပြည်သူလူထုကို ကျနော်က သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေတွေ အခြေခံပြီးတော့ ဒီကနေ့ အခြေခံဥပဒေအရ ကျင့်သုံးတာ၊ ကျနော်တို့ရဲ့ ဆန္ဒကို ဖော်ထုတ်တာဖြစ်တဲ့အတွက် အဲဒီသိမ်းဆည်းသွားတဲ့ကိစ္စကို ကျနော်ကန့်ကွက်ကြောင်းနဲ့ ဒီနေ့ဗမာပြည်မှာ လျှပ်စစ်မီးတွေ မလုံလောက်တဲ့ကိစ္စ၊ ဖုန်းတွေမတရား ဈေးကြီးတဲ့ကိစ္စ၊ အရင်း ၁၀၀၀ လောက်ရှိတာကို သိန်းနဲ့ချီရောင်းနေတဲ့ကိစ္စကို ကျနော်တို့ ကန့်ကွက်ပါတယ်။ အခြေခံဥပဒေထဲမှာလည်း မတရား အမြတ်ကြီးစားတဲ့ လက်ဝါးကြီးအုပ် စီးပွားရေးကိုလည်း ကန့်ကွက်ထားပါတယ်။ အဲဒီအတွက် ကျနော်တို့ အခြေခံဥပဒေအတိုင်း ကျင့်သုံးတာဖြစ်ပါတယ်။ ပြည်သူတွေ နားမလည်တဲ့အပေါ်မှာ မူတည်ပြီးတော့ ကုတ်သွေးစုပ်တာ ကျနော်တို့လုံးဝ လက်မခံပါဘူး။ အဲဒါကြောင့် ကုန်ဈေးနှုန်းကျဆင်းရေးမှာ ဒီဖုန်းကလည်း အထောက်အပံ့ဖြစ်တဲ့အတွက် ဖုန်းဈေးတွေ မတရားကြီးတာကို ကျနော်တို့လုံးဝ ကန့်ကွက်ပါတယ်။ အဲဒီတော့ ယှဉ်ပြိုင်ဈေးရောင်းတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဖို့အတွက် နိုင်ငံတော် သမ္မတကို ကျနော်တို့တောင်းဆိုထားပါတယ်။ ဒီနေ့မှာ လေးမြို့နယ်လျှောက်ပြီးတော့ ကန်ပိန်း(လှုပ်ရှားမှု) လုပ်ပါတယ်။ အခုတော့ သိမ်ကြီးဈေးမှာ ဆက်ဝေနေတာဖြစ်ပါတယ်။”

၂၀၀၇ မတိုင်မီမှာ ကိုထင်ကျော် သိမ်ကြီးဈေးရှေ့ကပဲ အဖမ်းခံရတယ်လို့ ကျနော်နားလည်ထားတယ်။ ဟုတ်လားမသိဘူး။

“ဟုတ်ပါတယ်။”

အခု တစုံတရာ လှုပ်ရှားမှုတွေလုပ်တဲ့အခါကျတော့ အာဏာပိုင်တွေက စောင့်ကြည့်တဲ့အနေအထားနဲ့ဆိုတော့ လက်ရှိအခင်းအကျင်းမှာ ဘယ်လိုနားလည်လဲ။ အစိုးရက ဘယ်လောက်လိုက်လျောပေးမယ်လို့ မျှော်လင့်ထားလဲ။

“အဲဒါတော့ ပြည်သူတွေရဲ့ ဆန္ဒပေါ်မူတည်တယ်။ ပြည်သူတွေကတော့ အရင်တုန်းက အာဏာရှင်လက်အောက်မှာဆိုတော့ အကြောက်တရားက အခုချိန်ထိ ရှိနေတုန်းပဲ၊ တချို့ဆိုရင် အားရ၀မ်းသာနဲ့ သူတို့ရဲ့ဆန္ဒတွေကို ဖော်ထုတ်ပေးတဲ့အတွက် အားပေးကြပါတယ်။ အချို့ကတော့ နည်းနည်း အကြောက်တရားလေး ရှိနေသေးတယ်။ လုံခြုံရေးအဖွဲ့တွေကလည်း နောက်က တောက်လျှောက်လိုက်နေတော့ ပြည်သူတွေက အဟန့်အတားဖြစ်တာပေါ့။ အဲဒါတွေကိုလည်း အဓိက တိုင်းပြည်မှာ ပြည်ထဲရေးဝန်ကြီး ဌာနပဲဖြစ်ဖြစ်၊ တပ်မတော်ဌာနပဲဖြစ်ဖြစ်၊ ပြည်သူတွေကို အကူအညီ ပေးရမယ့်ကိစ္စတွေကို အဟန့်အတားဖြစ်ဖို့ကိစ္စတွေကို ဒီဟာတွေကို အခြေခံဥပဒေအရ ကျနော်တို့ ဆန့်ကျင်ရမှာဖြစ်ပါတယ်။ ၀န်ထမ်းတွေကလည်း ပြည်သူတွေပါပဲ။ ကျနော်တို့ကလည်း ပြည်သူတွေပဲ။ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာနဲ့ ပြည်သူတွေကို ဒီမိုကရေစီစနစ် ကျင့်သုံးလာအောင် သင်ပေးနေတာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ အနှောင့်အယှက် ပေးနေတာ မဟုတ်ပါဘူး။ အဲဒီအတွက်ကို လုံခြုံရေးဝန်ထမ်းတွေရယ်၊ ပြည်ထဲရေး ၀န်ကြီးဌာနကိုရော၊ မေတ္တာရပ်ခံချင်တာက ကျနော်တို့ ပြည်သူတွေကို ၀ိုင်းဝန်းပြီးတော့မှ ဒီမိုကရေစီ စနစ်ကို ပူးပေါင်းဆောင်ရွက်ပါလို့ မေတ္တာရပ်ခံပါတယ်။ သမ္မတကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ကိုယ်စားလှယ် အားလုံးကိုလည်း ဒီနေရာကနေ မေတ္တာရပ်ခံချင်တာတော့ ပြည်သူတွေ အကြောက်တရားကင်းအောင် အားလုံးဝိုင်းဝန်းကြပါလို့ ကျနော်မေတ္တာရပ်ခံလိုပါတယ်။ ကျနော် ငြိမ်းချမ်းစွာနဲ့ ပြည်သူ့ဆန္ဒဖော်ထုတ်ဖို့ အတွက် ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ဖြစ်ပါတယ်။”

တယ်လီဖုန်းကို ဈေးနှုန်းလျော့ချဖို့ ကိစ္စရယ်၊ နောက်လျှပ်စစ်မီး အပြည့်အ၀ရရေးဆိုတဲ့ အချက်ပေါ့။ ကိုထင်ကျော်တို့ တောင်းဆိုချက်က ဗမာပြည်မှာ လက်တွေ့ဖြစ်နိုင်ဖို့ ဘယ်လောက်ထိ လက်တွေ့ကျလဲ။

“လျှပ်စစ်မီးကိစ္စတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းကနေ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားတာရှိတယ်။ မြန်မာနိုင်ငံမှာ မီဂ္ဂါဝပ် ၁၅၀၀ ရှီတယ်။ သုံးလို့တောင်မကုန်ဘူး။ အဲဒီတော့ ဘတ်ဂျက်သဘောအရ ရောင်းစားရမှာပဲဆိုပြီးတော့ ၀န်ကြီးတယောက်ရဲ့ ပြောစကားရှိပါတယ်။ အဲဒီအတွက်ကို သူတာဝန်ယူရမှာဖြစ်ပါတယ်။ ဒီနေ့ ရန်ကုန်တိုင်းမှာ လျှပ်စစ်ပစ္စည်း လုံးဝမရှိပါဘူး။ လုံးဝပြတ်တောက်နေတယ်။ လုပ်ငန်းတွေလည်း ရပ်စဲလုနည်းပါး ဖြစ်နေပါတယ်။ ဒါက ကုန်ဈေးနှုန်းကို တက်လာအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အဲဒါကြောင့် ပြည်သူတွေရဲ့ အသံကို သမ္မတကြီးနှင့်တကွ အစိုးရအဖွဲ့ကလည်း ကြားမယ်လို့ထင်ပါတယ်။ လွှတ်တော်မှာ ပြည်သူလူထု တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေကလည်း ဒါကိုကြားမယ်လို့ ထင်ပါတယ်။ ကြားတာနဲ့ တပြိုင်နက် ဒီလျှပ်စစ်မီးကိစ္စက တိုင်းပြည်ရဲ့ စီးပွားရေးမှာ အဓိက အခြေခံကျတဲ့အတွက် ဒါကိုဘယ်လို လုပ်မယ်လို့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဖော်ထုတ်သင့်ပါတယ်။ နောက်တခုက ဆည်တွေတည်ဆောက်ရုံနဲ့ ရေရတာ မဟုတ်ဘူး။ ဗမာပြည်မှာ ဂက်စ်တို့ သယံဇာတတွေ ထွက်ပါတယ်။ အဲဒါကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ရေအားလျှပ်စစ် ဆည်ကိစ္စကိုပဲ ဇောင်းပေးပြီး လုပ်နေတာကို ကျနော်တို့ ကန့်ကွက်ပါတယ်။ အခြားနည်းတွေနဲ့ လျှပ်စစ်ထုတ်လို့ရပါတယ်။ ဖုန်းကိစ္စကတော့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်ဆိုရင် မြန်မာနိုင်ငံမှာ ငါးထောင်တန်ဖုန်းအပါအ၀င် ဒီထက် တန်ဘိုးနည်းဖုန်းတွေ အခြားကုမ္ပဏီတွေက ရောင်းချင်တယ်။ အဲဒါကို လက်ဝါးကြီးအုပ် စီးပွားရေးလူတစုက ၂ သိန်းတန်ဖုန်းပဲ ရောင်းရမယ်ဆိုပြီး မှတ်ပုံတင်တွေ၊ ဓာတ်ပုံတွေတောင်းပြီးမှ ပြည်သူကို အကြောက်တရားကင်းအောင် ဒါလူ့အခွင့်အရေး ချိုးဖောက်တာပဲ၊ အဲဒီလိုလုပ်တော့ အခြေခံပြည်သူတွေလည်း ၀ယ်မသုံးနိုင်ဘူး။ အခြားနိုင်ငံတွေနဲ့ဆိုရင် အရမ်းကို အဆင့်အတန်း နိမ့်ကျနေတာ ဖြစ်တဲ့အတွက် တန်ဖိုးနည်းဖုန်းကို ၂ သိန်းနဲ့ရောင်းမယ်ဆိုရင် ၅၀၀၀ တန်လည်း ရောင်းခွင့်ပြုပါလို့ သမ္မတကြီးကို မေတ္တာရပ်ခံချင်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အာဏာနဲ့ တားမြစ်ပြီးတော့မှ ၂ သိန်းတန် မ၀ယ်မနေရဆိုရင်တော့ တခုပဲပြောလိုပါတယ်။ ပြည်သူများခင်ဗျာ။ ၂ သိန်းတန်ဖုန်းကို ရောင်းမယ်ဆိုရင် ၅၀၀၀ တန်အပါအ၀င် ဒီထက်နိမ့်တဲ့ တန်ဖိုးနည်းဖုန်းကိုလည်း ရောင်းခွင့်ပေးပါ။ ဖုန်းဆိုတာ နံပါတ်ကို ၀ယ်ရတာပါ။ ၅၀၀၀ တန်ဖုန်း ရောင်းခွင့်မပေးဘူးဆိုရင် ၂ သိန်းတန်ဖုန်းကို သပိတ်မှောက်ကျပါလို့ ကျနော် ထင်ကျော်(ခ) ကျော်ထင်က တောင်းဆိုလိုက်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013