
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီရဲ့ စားဖိုချောင်ဌာနမှူး တရုတ်နိုင်ငံသား လီတာချုးကို နှိပ်စက်ညှဥ်းပန်းမှုနဲ့ ဒဏ်ငွေကျပ် ၅သိန်းပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၂လကျခံစေဖို့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ မုံရွာမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
စားဖိုချောင်ဌာနမှူး လီတာချူးဆိုသူဟာ လက်အောက်ဝန်ထမ်း မကြည်ကြည်မေကို အလုပ်ချိန်ပြောင်းတာ မလိုက်နာလို့ဆိုပြီး ၃ ရက်တိတိအလုပ်ချိန်အတွင်း မတ်တပ်ရပ်ခိုင်းခဲ့လို့ ဆေးရုံမှာတက်ရောက် ဆေးကုသမှုခံယူခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ ကျေနပ်မှုမရှိတာကြောင့်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တဲ့အမှုကို ၂နှစ်ခွဲကျော်အကြာမှာ ခုလိုအမိန့်ချမှတ်ခဲ့တာပါ။
ရာဇသတ်ကြီးပုဒ်မ ၃၅၄အရပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက်ကြောင့် ဒဏ်ငွေ ၅ သိန်းပေးဆောင်စေဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၂ လကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာလို့ မုံရွာမြို့နယ်တရားရုံးက တွဲဖက်မြို့နယ်တရားသူကြီး သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒေါ်ဆွေအေးငြိမ်းက ပြောပါတယ်။
မြန်မာအလုပ်သမားဘက်က လိုက်ပါကူညီဆောင်ရွက်သူတဦးကတော့ "အခုလို ဒဏ်ငွေပြစ်ဒဏ်လောက်သာ အမိန့်ချတဲ့အပေါ်မှာတော့ လုံးဝမကျေနပ်ပါဘူး။ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတဘူးလို့ထင်တယ်။ ဆက်လက်အယူခံဝင်သွားမယ်။"လို့ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က အပြီးသတ်စီရင်ချက်ချဖို့ ပြောဆိုခဲ့ပေမယ့် လေ့လာစရာတွေရှိသေးလို့ဆိုပြီး စီရင်ချက်မချဖြစ်ဘဲ ဒီနေ့မှ အမိန့်ချခဲ့ တာဖြစ်ပါတယ်။











