DVB Logo
Home
မေးမြန်းခန်း
ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုလုပ်ငန်း အောင်မြင်မယ်လို့ မျှော်လင့်တယ်
DVB
·
April 9, 2012
ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုလုပ်ငန်း အောင်မြင်မယ်လို့ မျှော်လင့်တယ်
Donate to DVB

ကရင့်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ကို နှစ်ဖွဲ့ခွဲပြီး သွားရောက်ခဲ့ကြပါတယ်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်အပါအ၀င် ၁၇ ဦးက ပဲခူတိုင်းဘက်ကို သွားရောက်ပြီး ကျောက်ကြီးမြို့နယ်ဘက်မှာ ဆက်ဆံရေးရုံးခန်း ဖွင့်လှစ်သလို အပြန်မှာ ပဲခူးမြို့မှာ ပဲခူးတိုင်း ၀န်ကြီးချုပ်အပါဝင် တိုင်းမှူးနဲ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဧပြီ ၁၀ ရက်နေ့မှာတော့ ပဲခူးတိုင်းဝန်ကြီးချုပ်အပါအ၀င် တိုင်းမှူးနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ကျောက်ကြီးမြို့နယ်ကို ရောက်နေချိန် လူထုနဲ့ တွေ့ဆုံစကား ပြောခွင့်ရခဲ့ပြီး လူထုအခက်အခဲ တင်ပြပြောဆိုလာတာနဲ့ပတ်သက်ပြီး ကေအန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်မေဦးကို မေးမြန်းထားပါတယ်။

“ကျမတို့ ကရင်အမျိုးသား အစည်းအရုံးကိုယ်စားလှယ်အဖွဲ့က ကျောက်ကြီးမြို့ကို မနက် ၁၀ နာရီလောက်ရောက်တယ်။ ကျောက်ကြီးမြို့က ဆက်ဆံရေးရုံးကိုဖွင့်လှစ်ခဲ့တယ်။ ၀န်ကြီးအဖွဲ့က ၀န်ကြီး ၃ ယောက်၊ ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးခင်ရီ၊ ၀န်ကြီး ဦးစိုးသိမ်းတို့ တက်ရောက်ပြီးတော့ ကျမတို့ ကေအန်ယူ ကရင်အမျိုးသား ကိုယ်စားလှယ်အဖွဲ့ကတော့ ဆရာမ နော်စီဖိုးရာစိန်နဲ့ အဖွဲ့တွေပေါ့။ ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့ပါတယ်။ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးတော့ တပြိုင်နက်တည်းမှာပဲ ဒေသခံ ကရင်လူထုနဲ့ ကျောက်ကြီးမြို့နယ် ဘေးပတ်ဝန်းကျင်တလျှောက် ကျေးရွာတွေက ကရင်အမျိုးသားထုနဲ့ ကျမတို့ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုတာ ပျှမ်းမျှဆိုရင် ၂၀၀၀ ကျော် ၃၀၀၀ ၀န်းကျင် လူထုအင်အား အဲဒီလောက်ရှိတယ်။ ဆက်ဆံရေးရုံးဖွင့်ပြီးနောက်မှာ လူထုတွေနဲ့ ဆွေးနွေးပွဲလေးတခု လုပ်ခဲ့ပါတယ်။”

ကျောက်ကြီးမြို့နယ်မှာ ရုံးဖွင့်တော့ ကေအန်ယူဘက်က ရုံးတာဝန်ခံအနေနဲ့ ဘယ်သူက ထိုင်ပေးမှာလဲ။ ဘယ်သူ့ကို တာဝန်ပေးထားလဲ။

“ရုံးတာဝန်ခံကိစ္စကို ကျမတို့ပြန်ပြီးတော့ ဆွေးနွေးရမယ်။ ကျမတို့ကိုယ်စားလှယ် အဖွဲ့က ပြည်တွင်းထဲကို ရောက်နေတဲ့အချိန်နဲ့ ဒီရုံးဖွင့်ဖြစ်ဖို့ကို ကျမတို့ လူကိုယ်တိုင် ရှိနေတုန်းမှာ ဖွင့်လှစ်ခဲ့တာပဲဖြစ်တယ်။ ရုံးကိုယ်စားလှယ်နဲ့ ဒီရုံးမှာ အမှုထမ်းမယ့်လူရဲ့ တာဝန်ခံမယ့်လူရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ပိုင်ခွင့်တွေအားလုံးက ကျမတို့ ဆက်ပြီးတော့ လုပ်ရဦးမှာဖြစ်ပါတယ်။”

လူထုနဲ့ တွေ့ဆုံမှုရှိတဲ့အခါမှာ လူထုရဲ့ ပြောဆိုသံတွေ၊ ဆရာမတို့ရဲ့ ပြောတာတွေထဲမှာ ဘာတွေပြောဆိုဖြစ်ခဲ့ကြလဲ။

“ပထမဆုံးအနေနဲ့ လူထုက အများကြီး ၀မ်းပန်းတသာ ကြိုဆိုတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည်ဖော်ဖို့ လုပ်နေတာတွေကို လူထုအနေနဲ့ ၀မ်းပန်းတသာပဲ ကြိုဆိုတယ်။ လူ ၃၀၀၀ ကျော် ရွာပြင်ထွက်ပြီး နေပူထဲမှာ ထွက်စောင့်နေတယ်ဆိုတာ သူတို့ရဲ့ ကြိုဆိုမှုကို ပေါ်လွင်စေပါတယ်။ ဒီကြိုဆိုတာနဲ့ တပြိုင်နက်တည်းမှာပဲ သူတို့ရဲ့ စိုးရိမ်ကြောင့်ကျမှုတွေ ဖော်ပြခဲ့တယ်။ အထူးသဖြင့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တလျှောက်က ရွာတွေဆိုရင် ၁၉၇၄ ခုနှစ် ဖြတ်လေးဖြတ် ကာလထဲက အခုထိ စစ်ဒဏ်နဲ့ ဖိနှိပ်အုပ်ချုပ်မှုဒဏ် အမျိုးမျိုးကို ခံခဲ့ရတဲ့ ရွာတွေ၊ ခံခဲ့ရတဲ့ ပြည်သူလူထုတွေဖြစ်တယ်။ ဆွေးနွေးပွဲတွေ အခြေအနေ အလားအလာ ကောင်းမွန်ဖို့ရှိတယ်လို့ သူတို့မြင်ရတဲ့အခါမှာ အများကြီးဝမ်းသာကြတယ်။ တပြိုင်နက်တည်းမှာပဲ သူတို့စိုးရိမ်ကြောင့်ကျမှုတွေရှိတယ်။ သူတို့မေးတဲ့မေးခွန်းတွေထဲမှာ အခြေခံကျတဲ့ မေးခွန်းတွေချည်းပဲ။ လက်တွေ့ကျကျ ဖြေနိုင်တဲ့မေးခွန်းတွေချည်းပဲ။ သူတို့ရွာ သူတို့ဒေသတွေမှာ အခုထက်ထိ မတရားမှုနဲ့ ဖမ်းဆီးခံရတာ၊ သာမန်ရွာသားတယောက် နိုင်ငံရေးအဖွဲ့အစည်းနဲ့ မပတ်သက်ဘဲ မသင်္ကာမှုနဲ့ ဖမ်းဆီးထားတာ၊ မေးမြန်းစစ်ဆေးတာတွေ ထိန်းချုပ်တာတွေ ရှိနေတုန်းပဲ။ ဖမ်းဆီးခံရတဲ့ သူတွေရှိနေတုန်းပဲဆိုတာ သူတို့တင်ပြလာတယ်။ သူတို့ရွာ သူတို့ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ မရှိတာ၊ ဥပမာ- မသေသင့်တဲ့ရောဂါ၊ ဘာမှမဟုတ်တဲ့ တားဆီးလို့ရတဲ့ ရောဂါတွေနဲ့ သေဆုံးသွားတဲ့သူတွေ စသည်ဖြင့် ဒီကိစ္စတွေကို လူထုက တင်ပြသွားတာကို ကျမတို့တွေ့ရတယ်။ နောက်တခုက ရွာပုန်း၊ ရွာရှောင်တွေလည်း ရှိနေတုန်းပဲ။ သူတို့ရဲ့  အသက်မွေးဝမ်းကြောင်းကို အဟန့်အတား ဖြစ်စေတဲ့အကြောင်းပေါ့။ အဲဒါတွေကို ပြောလာတယ်။ ကျမတို့ ခေါင်းဆောင်တွေကိုလည်း ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာ ဘယ်လိုထင်မြင်ချက်ရှိသလဲဆိုတာကို မေးမြန်းတာရှိပါတယ်။”

ဆရာမတို့ အနေနဲ့ကော လူထုရဲ့ အခက်အခဲကို သိရပြီဆိုတော့ ငြိမ်းချမ်းရေး စပြီးတော့ ပြုလုပ်နေတဲ့ကာလမှာ လူထုတွေအတွက် ဘယ်လိုမျိုး လုပ်ဆောင်ပေးမယ်ဆိုပြီး ကတိပေးတာရှိလဲ။ ဘယ်လိုလုပ်ဆောင်ပေးမယ်လို့ ရည်ရွယ်ထားလဲ။

“ကျမတို့ဘက်က ဘာမှကတိပြုခဲ့တာမရှိပါဘူး။ ကျမတို့ကိုယ်တိုင်က ရွာသားတွေတင်ပြသွားတဲ့ အခြေအနေတွေကို ကျမတို့ တိုင်းပြည်ရဲ့ ပြဿနာ၊ ကျမတို့လူမျိုးတွေရဲ့ ပြဿနာ၊ ကျမတို့လူမျိုးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ အခက်အခဲဆိုတာကို ကျမတို့ အသိအမှတ် ပြုထားတယ်။ ဒါကြောင့် ဒီပြဿနာတွေ ဒီအခက်အခဲတွေ ဖြေရှင်းဖို့ဆိုတာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရတွေရဲ့ တာဝန်ဖြစ်တယ်။ ဒီအစိုးရအနေနဲ့ သိအောင်လို့ ကျမတို့ကနေ ဒီဟာတွေကို ပြည်သူလူထုနဲ့အတူ လက်တွဲပြီးတော့ ပူးပေါင်းဖြေရှင်းသွားဖို့ လိုအပ်တယ်။ ကျမတို့က အသိအမှတ်ပြုထားပြီး ကျမတို့ရဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ဒီအခြေအနေတွေကို တင်ပြခဲ့ပါတယ်။”

ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့လည်း တွေ့မယ်လို့ ဒီနေ့အစီအစဉ်အရ သိရတယ်။ တွေ့ပြီးပြီလား။

“မတွေ့သေးပါဘူး၊ အခုပဲ ကျမတို့ ပဲခူးကို ရောက်လာတာဖြစ်တယ်။ ညနေကျမှ ၀န်ကြီးချုပ်က ညနေစာနဲ့ တည်ခင်းဧည့်ခံမှာဖြစ်တယ်။ မနက်ဖြန် မနက်မှ အစည်းအဝေးစမှာ ဖြစ်ပါတယ်။”

ဆရာမတို့သွားတဲ့ ၂၁ ယောက်ထဲက တချို့လည်း မြိတ်-ထားဝယ်ဘက်ကို သွားတယ်လို့ သိရတယ်။ သူတို့သွားတဲ့ရည်ရွယ်ချက်လေး သိပါရစေ။

“ကိစ္စတခုတည်းပါပဲ။ ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့နဲ့ ပြည်တွင်းဌာနေက ပြည်သူလူထုတွေရဲ့ အခြေအနေ အဲဒါတွေကို သွားလေ့လာတဲ့သဘောပါ၊”

တခြားဘာတွေများ ပြောစရာရှိပါသေးလဲ။

“ကျမတို့ ပြည်သူလူထုကို တွေ့ရတော့ ကျမတို့ကိုယ်စားလှယ်အဖွဲ့ဝင်တွေ အားလုံးက ၀မ်းနည်းဝမ်းသာဖြစ်ရတယ်။ ၀မ်းသာရတဲ့အကြောင်းက လှိုက်လှိုက်လှဲလှဲ ယုံကြည်စွာနဲ့ ကျမတို့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေကို လှိုက်လှိုက်လှဲလှဲ ထွက်လာပြီးတော့ အားပေးပြီးတော့ ယုံယုံကြည်ကြည်ရှိတာကို တွေ့ရတဲ့အတွက် ကျမတို့ဝမ်းသာတယ်။ ၀မ်းနည်းတာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကနေ အခုဒီနေ့ထိ ရုန်းကန်ပြီးတော့ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရတယ်။ ကြောက်ရွံ့စိုးရိမ်မှု များစွာကို ရင်ဆိုင်နေရတဲ့ ပြည်သူလူထုဘ၀ကို တွေ့ရလို့ ကျမတို့ အများကြီးပဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ကျမတို့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်တဲ့လုပ်ငန်း အောင်မြင်ဖို့အတွက် မျှော်လင့်တယ်၊ လိုချင်တယ်။ နောက်တခုက ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးမှာပဲ၊ အလုပ်မပြီးသွားဘဲနဲ့ တကယ်စစ်ကို ရပ်စဲနိုင်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ၊ စစ်မှန်တဲ့ ပြည်ထောင်စု၊ တန်းတူအခွင့်အရေး ရှိတဲ့ပြည်ထောင်စုကို တည်ထောင်နိုင်ဖို့ တကယ်ပဲလိုချင်မိပါတယ်။”

တနင်္သာရီတိုင်း မြိတ်၊ ထားဝယ်ဘက်ကိုတော့ မြိတ်-ထားဝယ် ခရိုင်ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းအပါအ၀င် ၄ ဦးက တနင်္သာရီတိုင်း ၀န်ကြီးချုပ်အပါအ၀င် တိုင်းမှူးနဲ့တွေ့ခဲ့ပြီး မနက်ဖြန် ထားဝယ်မြို့မှာ ဆက် ဆံရေရုံး ဖွင့်နိုင်ရေး ဆွေးနွေးမယ် လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013