DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေပြဿနာကြောင့် မလက်တိုရွာသားများ မအူပင်မြို့တွင် ဆန္ဒပြ
DVB
·
November 21, 2017
Donate to DVB

ဧရာဝတီတိုင်း မအူပင်မြို့မှာ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး အော့ချက်(ဒ်)ကုမ္ပဏီကို မလက်တိုရွာသူရွာသားတွေ  ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ မလက်တိုရွာသား ဦးကျော်ဝင်းတင်က “မလက်တိုကျေးရွာအုပ်စု အတွင်းက ရွာပေါင်း ၁၅ ရွာက လယ်မြေဧက ၃၀၀၀ နီးပါးကို ၂၀၀၃ ခုနှစ်ကတည်းက ရယူပိုင်ဆိုင်ထားတဲ့ အော့ချက်(ဒ်)ကုမ္ပဏီဟာ လယ်ယာမြေ ပြဿနာတွေနဲ့ ပတ်သက်ပြီး ရွာသူရွာသားတွေကို အမှုဖွင့်တရားစွဲဆိုနေတဲ့အပြင် ကျေးရွာက တင်မြှောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုပါ တရားစွဲဆိုတာတွေ လုပ်လာတဲ့အတွက် အခုလို ဆန္ဒပြရတာ”လို့ ပြောပါတယ်။

၂၀၁၃ ဖေဖော်ဝါရီ ၂၈ ရက်က မလက်တိုကျေးရွာအုပ်စု ပလောင်၊ အဒိတ်နဲ့ ကွန်ဒိုင်းလေး ရွာတွေမှာရှိတဲ့ ကွင်းအမှတ် ၉၆၉ မှာ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်သားတဦးသေဆုံးခဲ့တာကြောင့် ရွာသား ၃ ဦး ထောင်ဒါဏ် ၅ နှစ်နဲ့ ၂ လစီ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး အဲဒီဖြစ်ရပ်ကြောင့် အဲ့ဒီဒေသကို ပုဒ်မ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။

အမိန့်ထုတ်ပြန်ထားတဲ့ ဧရိယာအတွင်း  ကျေးရွာသူကျေးရွာသားတွေ ၀င်ရောက်လုပ်ကိုင်တာတွေမလုပ်ဖို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက တားမြစ်ခဲ့ပါတယ်။

မလက်တိုကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း နိုင်ငံတော်ရဲ့ဆုံးဖြတ်ချက်တစုံတရာမရှိပဲ ညှိနှိုင်းချက်တွေကို ချိုးဖောက်ပြီးလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့ဆောင်ရွက်ချက်ကြောင့် လယ်သမားတွေကလည်း အဲ့ဒီဧရိယာမှာ ၀င်ရောက်လုပ်ကိုင်ခဲ့လို့ နှစ်ဖက်ထိပ်တိုက်ပဋိပက္ခ ဒုတိယအကြိမ်ဖြစ်ခဲ့ပါက ကုမ္ပဏီရဲ့ တာဝန်သာဖြစ်တယ်လို့ ၂၀၁၃ ခုနှစ်က တားမြစ်စာထုတ်ပြန်ခဲ့ပါတယ်။

ဒီတားမြစ်စာထုတ်ခဲ့တာကြောင့် အော့ချက်(ဒ်)ကုမ္ပဏီပိုင်ရှင်ဒေါက်တာမြင့်စိန်က ဦးကြိုင်ကို မြေလွတ်မြေလပ်မြေရိုင်းဥပဒေပုဒ်မ ၂၈ နဲ့ တားမြစ်စာထုတ်ပြီးလေးနှစ်အကြာ ၂၀၁၇ အောက်တိုဘာက အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ပြည်သူရွေးချယ်ထားတဲ့ မလက်တိုကျေးရွာအုပ်ချုပ်ရေးမှူးကို တရားစွဲဆိုထားတဲ့ ဒေါက်တာမြင့်စိန်ကို အလိုမရှိကြောင်း၊ ဒေသခံပြည်သူတွေကို အကျိုးမပြုတဲ့ အော့ချက်(ဒ်)ကုမ္ပဏီ အလိုမရှိကြောင်း၊ တရားမျှတမှု ပေါ်ပေါက်ရေး စတဲ့ကြွေးကြော်သံတွေနဲ့ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ မအူပင်မြို့အနှံ့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013