DVB Logo
Home
မြန်မာသတင်း
ကျေးရွာပိုင်မြေ အလွဲသုံးစားရောင်းချသူများကို ဥပဒေနှင့်အညီဆောင်ရွက်ရန် ဒေသခံများ လိုလား
DVB
·
November 21, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတို့မှ ကျေးရွာပိုင်မြေကို အလွဲသုံးစားပြုနေမှုအပေါ် သက်ဆိုင်ရာမှ ဥပဒေနဲ့အညီ ဆောင်ရွက် အရေးယူပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

ကတိုက်ကြီးကျေးရွာနေသူ ကိုကြည်လှိုင်က “ကျနော့်အနေနဲ့ အမှန်တရားကို လိုချင်လို့ ဥပဒေနဲ့အညီ ဒီလူတွေကို တိုင်ကြားခဲ့တာပါ။ ဒေသခံတွေရဲ့ တိုင်ကြားစာပါ တိုင်ကြားချက်ကို လည်း တာဝန်ရှိသူအဆင့်ဆင့်ကနေပြီး မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်ပေးစေလို ပါတယ်”လို့  ပြောပါတယ်။

ကတိုက်ကြီးကျေးရွာအုပ်စုပိုင် အရင်ပေါ်ထွန်းသောင်နုမြေတွေ ပေါ်ထွန်းခဲ့ရာမှ ကျေးရွာ ရပ်မိရပ်ဖတွေ၊ တာဝန်ရှိသူတွေ၊ ကျေးရွာအတွင်း နေထိုင်သူ လယ်ယာမဲ့ ပြည်သူတွေကို တန်းစီဇယားစနစ်နဲ့စီမံပြီး ဥပဒေနှင့်အညီ လုပ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျနော်တို့ရွာမှာက ၂၀၀၆ ခုနှစ်လောက်တည်းက သောင်နုမြေတွေ ပေါ်ထွန်းခဲ့တာပါ။ ဒါကို ရွာမှာ တာဝန်ရှိတဲ့ လူကြီးတွေက လယ်ယာမဲ့တွေ စာရင်းပြုစုပြီး စနစ်တကျ တန်းစီဇယားနဲ့ ပေးခဲ့ပါတယ်။ ၂၀၁၆ နောက်ပိုင်းကစပြီး ထပ်ပေါ်လာတဲ့ သောင်နုမြေတွေကို ဦးရဲထွန်း ဆိုတဲ့ သူက ၁ ဧကကို ၁ သိန်းနှုန်းနဲ့ ဧက ၁၀၀ ဝန်းကျင်လောက် ရောင်းစားခဲ့ပါတယ်။ ရောင်းသူနဲ့ ဝယ်သူ နှစ်ဦး ချုပ်ဆိုထားတဲ့ မြေဝယ်စာချုပ်မှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ရုံးတံဆိပ်တုံးတွေ ပါဝင်နေတာ တွေ့ခဲ့ရတယ်။ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ သူက ဒါကို မသိပါဘူးလို့ ပြောပါတယ်”လို့ ကတိုက်ကြီးကျေးရွာနေ ကိုလှသိန်းက ပြောပါတယ်။

သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်အေးမှ ၂၀၁၆ ခုနှစ်မှာ ကျေးရွာပိုင် ဘိုးစဉ်ဘောင်ဆက်မြေအား ကတိုက်ကြီးကျေးရွာသူ ဒေါ်ထီးကောက်ကို ငွေကျပ် ၃ သိန်းဖြင့် လည်းကောင်း၊ ဦးကျော်ဝင်း ဆိုသူအား ခန့်မှန်းပေ ၃၀×၁၀ ပေအား ငွေကျပ် ၅ သိန်းဖြင့် လည်းကောင်း၊ ကျွဲသွားလမ်း၊ နွားသွားလမ်း စားကျက်မြေ ၃၉ ကွက်ကို ၁ ကွက်လျှင် ၁ သိန်းခွဲနှုန်းနဲ့ လည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးပိုင်မြေ ဖြစ်တဲ့ ရုံးရဲ့တောင်ဘက် မြေဧရိယာ ၂၀×၁၀ ပေကို ဦးအောင်ကျော်စိုး ဆိုသူထံ ငွေကျပ် ၁ သိန်းခွဲနဲ့ လည်းကောင်း အလွဲသုံးစားပြု ရောင်းချထားခဲ့ကြောင်း တိုင်တန်းစာမှာ ဖော်ပြထားပါတယ်။

သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဦးရဲထွန်းတို့မှ ကျေးရွာပိုင်မြေကို အလွဲသုံးစားပြုမှုအပေါ် နိုဝင်ဘာလ ၂၀ ရက်နေ့၊ မနက် ၁၀ နာရီက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ကျုံးကြီးလမ်းရှိ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ ဒေသခံ ၁၀ ဦးမှ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013