DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြအလုပ်သမားများ သေနတ်ဖြင့် ပစ်ဖောက်သတိပေးခံရ
DVB
·
April 9, 2012
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်က ပင်လယ်စာစက်ရုံမှာ ဒီနေ့ ဆက်လက်ဆန္ဒပြတဲ့  မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေကို  ရဲက သေနတ်နဲ့ ပစ်ဖောက် သတိပေးခဲ့တယ်လို့ အဲဒီစက်ရုံက မြန်မာအလုပ် သမားတွေက ပြောပါတယ်။

ဆဖတ်ထနာ လို့ အမည်ရတဲ့ ပင်လယ်စာထုတ်လုပ်တဲ့ စက်ရုံမှာ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား ၁၀၀၀ လောက် လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားတွေဟာ လုပ်ခလစာနဲ့  အလုပ်သမားရပိုင်ခွင့်တွေအတွက် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဆန္ဒပြနေကြတာပါ။

ဒီနေ့ စက်ရုံထဲ ၀င်ဖို့ကြိုးစားတဲ့ အလုပ်သမား (၃၀၀) လောက်ကို ခြိမ်းခြောက်သတိပေးတဲ့အနေနဲ့ သေနတ်နဲ့ ပစ်ဖောက်တယ်လို့ အဆိုပါစက်ရုံက မြန်မာအလုပ်သမား ကိုအောင်အောင်က ဒီနေ့မနက်ပိုင်း အခြေအနေတွေကို  ရှင်းပြပါတယ်။

"ရုန်းရင်းဆန်ခတ် ဖြစ်တယ်ဆိုတာတော့ တံခါးဖွင့်ပေးပါလို့ တောင်းဆိုတာကို တံခါးမဖွင့်ပေးဘူး။ သူတို့က တိုးဝင်မလို့လုပ်တာပေါ့။ အဲဒါကို ခြိမ်းခြောက်ပြီး သေနတ်တွေဘာတွေဖောက်တယ်။"

မြန်မာအလုပ်သမားတွေကို ဒီနေ့မနက် အဆောင်ကနေ စက်ရုံကို အကြိုအပို့ မလုပ်ပေးတဲ့အတွက် အနီးက မြန်မာအလုပ်သမား အနည်းအကျဉ်းပဲ ဒီနေ့ ဆန္ဒပြမှုမှာ ပါတယ်လို့ဆိုပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ကမ္ဘောဒီးယားနိုင်ငံသားတွေ အများဆုံးပါဝင်ပြီး မနေ့က ဆန္ဒပြမှုမှာတော့ မြန်မာအလုပ်သမား ၄၀၀ လောက် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။

စက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေက တရားဝင် လုပ်ကိုင်ကြသူတွေ ဖြစ်ပြီး စာချုပ်ပါ သဘောတူညီချက်အတိုင်း လုပ်အားခနဲ့ အလုပ်သမား အခွင့်အရေးတွေကို မလုပ်ဆောင်ပေးဘူးလို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာ နေရေးထိုင်ရေး၊ ကျန်းမာရေး အခမဲ့ အပါအ၀င် လုပ်ခ လစာ ၁ ရက်  ၂၀၅ ဘတ် ရမယ်ဆိုတဲ့ စာချုပ်နဲ့ လုပ်ကိုင်ကြပေမယ့် တကယ်တမ်း ၁ ရက် ဘတ် ၁၆၀ လောက်ပဲရကြတယ်လို့ ပြောပါတယ်။

၃ လပိုင်းလောက်မှာ လုပ်အားခနဲ့ အလုပ်သမားအခွင့်အရေးအတွက် မြန်မာအလုပ်သမားတွေနဲ့ ပြဿနာ စဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာအလုပ်သမားတွေက ဒီကိစ္စ နဲ့ပတ်သက်ပြီး ဘန်ကောက် မြန်မာသံရုံးကို အကြောင်းကြားခဲ့ပေမယ့် တစုံတရာ ဖြေရှင်းမပေးသလို အခုဆိုရင် ဖုန်းကိုင် ဖြေကြားခြင်း မရှိတော့ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမား ကိုငွေသိန်းက "စက်ရုံက နောက်ထပ်ပြဿနာ ပိုတက်ဖို့ပဲရှိမယ်။ ဘာလို့လဲဆိုတော့ အခုချိန်ထိ သူဌေးဆိုတာလည်း မမြင်ဖူးဘူး။ သူတို့ဘက်က ဘယ်လောက် ကတိပျက်သလဲဆို မြန်မာ အလုပ်သမားကော၊ ကမ္ဘောဒီးယား အလုပ်သမားကော မနက် ၁၀ နာရီမှာ သူဌေးနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံပြီး ဆွေးနွေးပွဲ လုပ်ပေးမယ်လို့ ပြောတယ်။ အခုတော့ ဆွေးနွေးပွဲ မလုပ်ပေးဘဲနဲ့ ကျနော်တို့ ဗမာတွေကို စက်ရုံကို လုံးဝမပို့ပေးဖို့ ကားသမားတွေကို ဖုန်းနဲ့ပြောထားတယ်။ အခု ၃၀၀ ကျော်လောက် ဆန္ဒပြတယ်ဆိုတာက စက်ရုံအနီးအနားက အဆောင်ကလူတွေ၊ ကျနော်တို့ကတော့ ထပ်ဆန္ဒပြဖို့ ဆုံးဖြတ်ထားတယ်။"

လက်ရှိ ထိုင်းအစိုးရရဲ့ လုပ်ခလစာ သတ်မှတ်ချက်အရ ၁ ရက် လုပ်ခလစာ  အနည်းဆုံး  ၂၄၆ ဘတ် ရရှိကြမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ ဧပြီ ၁ ရက်ကစပြီး ခရိုင်၇ ခုက အလုပ်သမားတွေကို ၁ ရက် လုပ်ခ လစာ ဘတ် ၃၀၀ ပေးဖို့ ဆောင်ရွက်ထားပြီး၊ ကျန်ခရိုင် ၇၀ မှာတော့ ဘတ် ၃၀၀ မရကြဘဲ ဒေသအလိုက် အလုပ်ရှင် အလုပ်သမား ညှိနှိုင်း လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013