DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆက်ထောက်ခံကြောင်း အီးယူကြေညာ
DVB
·
November 21, 2017
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆက်ထောက်ခံကြောင်း အီးယူကြေညာ
Donate to DVB

 

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်ပြီး အခိုင်အမာအားပေး ထောက်ခံဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း အီးယူ ဥရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။

၁၃ကြိမ်မြောက် အာရှ-ဥရောပနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (အေဆမ်)ကို မြန်မာနိုင်ငံ နေပြည်တော်မှာ  အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ်လက်ခံကျင်းပနေချိန်မှာ အီးယူကောင်စီက နိုဝင်ဘာ၂၀ ရက်နေ့စွဲနဲ့ ကြေညာလိုက်တာပါ။

ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးအခြေအနေတွေအပေါ် အလွန် အလေးထားစိုးရိမ်တဲ့အကြောင်း၊ အကြမ်းဖက်မှုတွေရပ်တန့်ပြီး ခွဲခြားမှုမရှိတဲ့တရား ဥပဒေစိုးမိုးရေးနဲ့  အရပ်ဘက်အုပ်ချုပ်ရေးကို ထူထောင်ဖို့ တိုက်တွန်းပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ လူသားချင်းစာနာမှုအကူအညီတွေ ပြန်ပေးခွင့်ရဖို့ အရေးပါသလို ထွက်ပြေးသွားသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်တဲ့ အခြေအနေဖန်တီးပေးဖို့နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့သူတွေအပေါ်မှာ တာဝန်ယူ တာဝန်ခံမှုရှိဖို့လည်း တောင်းဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးသွားသူတွေ ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ သဘောတူညီမှုတွေရဖို့ အမြန်လုပ်ဆောင်နေတာနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်နေတယ်လို့   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အေဆမ်အစည်းအဝေးမှာ ပြောကြားခဲ့တဲ့အပေါ် အီးယူက ကြိုဆိုလိုက်ပါတယ်။

မနေ့ကနေပြည်တော်မှာစတင်ကျင်းပတဲ့ အေဆမ်အစည်းအဝေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က   “ယခုအချိန်အခါမှာ ကမ္ဘာလုံးဆိုင်ရာ မရေရာမတည်ငြိမ်တဲ့ အချိန်ကာလသစ်တစ်ရပ်နဲ့ရင်ဆိုင်နေရတယ်၊ ကမ္ဘာတ၀န်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာ ခြိမ်းခြောက်မှုအသစ်တွေနဲ့ အရေးပေါ်အခြေအနေဖြစ်လာနေတယ်။ ဒါတွေကတော့ တရားမ၀င်ရွှေ့ ပြောင်းသွားလာမှု၊ အကြမ်းဖက်အစွန်းရောက်မှုတွေပျံ့နှံ့လာမှု၊ လူမှုရေးသဟဇာတမဖြစ်မှုနဲ့ နျူးကလီးယား စစ်ပွဲအန္တရာယ်တွေပါ”လို့ ပြောသွားပါတယ်။

ပဋိပက္ခတွေဟာ လူ့အသိုင်းအ၀န်းတွေကနေ ငြိမ်းချမ်းမှုကိုဝေးသွားစေပြီး မဖွံ့ဖြိုး မတိုးတက်မှုနဲ့ ဆင်းရဲနွမ်းပါးမှုတွေဖြစ်စေကာ လူတွေတဦးနဲ့တဦးကိုသာမက နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကို ဝေးကွာသွားစေတယ်။ ဒီစိန်ခေါ်မှုတွေကို   ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်း ကျင်အပေါ်လုံလောက်တဲ့ ဂရုစိုက်မှုတွေမရှိတာကြောင့် ဖြစ်ပေါ်တဲ့သဘာဝဘေး အန္တရာယ်တွေ ကြောင့် ဖြစ်ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေက ထပ်ပြီးဆိုးရွားစေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအတော်များများရဲ့သမိုင်းမှာ အဆိုပါ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေက နိုင်ငံတခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကာလရှည်ကြာ အရိပ်မိုးနေတယ်။ ငြိမ်းချမ်းရေးမရဘဲ ရေရှည် တိုးတက်ချမ်းသာကြွယ်ဝမှု မရှိနိုင်ဘူး။ ငြိမ်းချမ်းရေးဟာ ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်တွေ အောင်မြင်ဖို့   မရှိမဖြစ်လိုအပ်တယ်လို့လည်း ပြောသွားပါတယ်။

အီးယူ ဥရောပ ကော်မရှင် ဒုဥက္ကဋ္ဌ ဖက်ဒရက်ကာမိုဂီရီနီကလည်း  ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အေးချမ်းစွာ အပြန်အလှန် ဆွေးနွေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ အပြန်အလှန် နားလည်မှုတွေ ရရှိဖို့လိုအပ်တယ်၊ အီးယူအနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ ကူညီထောက်ပံ့ပေးသွားမယ်လို့  မီဒီယာတွေကိုပြောပါတယ်။

တရုတ်အစိုးရကတော့ ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းဖို့ အဆင့် ၃ ဆင့် အစီအစဉ်ကို အဆိုပြုကမ်းလှမ်းထားပါတယ်။

တရုတ်က အဆိုပြုထားတဲ့ အချက် ၃ ချက်ကတော့ တည်ငြိမ်အေးချမ်းမှုရရှိပြီး ပစ်ခတ်တိုက်ခိုက်မှုထပ်အောင် ထိန်းသိမ်းဖို့၊  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးပြီး ကောင်းမွန်သောနည်းလမ်း ရှာဖွေဖို့နဲ့ နှစ်နိုင်ငံသဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုကာ ဆင်းရဲမှုလျော့ပါးရေးလုပ်ဆောင်ဖို့တို့ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟာဆန်မာမွဒ်အလီကတော့ ဒီသီတင်းပတ်နှောင်းပိုင်းမှာ မြန်မာအစိုးရနဲ့ တွေ့ဆုံပြီး ဒုက္ခသည်တွေကို ပြန်ပို့ရေးကိစ္စ ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။

အာရှ-ဥရောပ အစည်းအဝေး အေဆမ်မှာ ဥရောပနိုင်ငံပေါင်း ၃၀ နဲ့ အာရှ ၂၁ နိုင်ငံတို့နဲ့ ပါဝင်ဖွဲ့စည်းထားပြီး အစည်းအဝေးမှာ နိုင်ငံပေါင်း ၅၀ကျော်က ကိုယ်စားလှယ်တွေတက်ရောက်  ကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးနေပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013