DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၀န်ကြီးဟောင်းဦးအောင်ကြည် ဦးဆောင်ဖွဲ့စည်းမည်
DVB
·
November 20, 2017
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၀န်ကြီးဟောင်းဦးအောင်ကြည် ဦးဆောင်ဖွဲ့စည်းမည်
Donate to DVB

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အရင်အစိုးရလက်ထက်ဝန်ကြီးဟောင်း ဦးအောင်ကြည် ဦးဆောင်ပြီး ဖွဲ့စည်းလိုတယ်လို့ သမ္မတဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော် နာယကထံ သ၀ဏ်လွှာပေးပို့လိုက်ပါတယ်။

အဖွဲ့ဝင် ၁၂ ဦးပါ ကော်မရှင်အဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတက ၄ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၄ ဦးနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၄ ဦး ရွေးချယ်ပေးခဲ့တာဖြစ်တယ်လို့လည်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။

အစိုးရသစ်လက်ထက်ဖွဲ့စည်းလိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ အငြိမ်းစားဝန်ထမ်းအများစုပါဝင်ပြီး အငြိမ်းစားရဲချုပ် ဦးဇော်ဝင်းလည်း အဖွဲ့ဝင်တယောက်အဖြစ် ပါဝင်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုဖွဲ့မယ့်ကော်မရှင်မှာ အရင်ခေတ်က လူဟောင်းတွေချည်းပဲ ပါနေလို့ အလုပ်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ဒီလူတွေက မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်တွေမှာ နေရာကောင်းနဲ့ စံမြန်းတော်မူခဲ့ကြတဲ့ ၀န်ထမ်းတွေဖြစ်နေတယ်။ အဲ့ဒီတော့ ဒီလူတွေကို ခန့်မယ်ဆိုရင် အထက် အောက် အချိတ်အဆက်တွေနဲ့ ဘာမှ ထူးခြားမှာ မဟုတ်ဘူးလို့ ပြောချင်တယ်။ ဘယ်လိုမှ အကောင်အထည်ဖော်လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး”

ဦးသိန်းစိန်အစိုးရလက်ထက် ဖွဲ့ပေးခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ဝင် ၂ဦးထက်မနည်းအခု ပြည်ဖွဲ့မယ့် ကော်မရှင်သစ်မှာ ပြန်ပါလာတာ တွေ့ရပါတယ်။

အရင်ကော်မရှင်မှာ အဖွဲ့ဝင် ၁၅ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခု ကော်မရှင်သစ်မှာတော့ ၁၂ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းမှာဖြစ်ပါတယ်။

အရင် ကော်မရှင်ဥက္ကဋ္ဌဟာ တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သလို အခု ကော်မရှင်ဥက္ကဋ္ဌဖြစ်လာမယ့်  ဦးအောင်ကြည်ဟာလည်း စစ်တပ်မှာ ဗိုလ်ချုပ်အဆင့်အထိ တာဝန်ယူခဲ့ဖူးသူတဦး ဖြစ်သလို အရင်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးနဲ့ ဆက်ဆံရေးဝန်ကြီး တာဝန်တွေ ယူခဲ့ဖူးသူဖြစ်ပါတယ်။

အရင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်လက်ထက်မှာ လက်ခံရရှိခဲ့တဲ့ တိုင်တန်းမှုပေါင်း ၄၃၅၀ ကျော်ရှိခဲ့ပြီး စုံစမ်းစစ်ဆေးအရေးယူမှု  ၄၆ မှုရှိခဲ့တယ်လို့  ကော်မရှင်ရဲ့ ၀က်ဘ်ဆိုက် အင်တာနက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013