DVB Logo
Home
မြန်မာသတင်း
ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပြီး ရက်ပိုင်းအတွင်း ကျောင်းသား ၁ ဦး သေဆုံး
DVB
·
November 20, 2017
ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပြီး ရက်ပိုင်းအတွင်း ကျောင်းသား ၁ ဦး သေဆုံး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ စက်ထောင့်ကြီးတိုက်နယ်အတွင်းက ကျောင်းတွေမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးအပြီး ပထမတန်းကျောင်းသားတဦး ဖျားနာသေဆုံးခဲ့ပြီး တတိယတန်းကျောင်းသူတဦး ဆေးရုံတင်ကုသနေရတယ်လို့ စက်ထောင့်ကြီး တိုက်နယ်ဆေးရုံကနေ သိရပါတယ်။

စက်ထောင့်ကြီးတိုက်နယ်၊ အ-မ-က (သုဗိန္န) ကျောင်းမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးအပြီး ကညင်ချောင်းကျေးရွာနေ ပထမတန်းကျောင်းသား မောင်ကျော်ဇင်ထက်ဟာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စဖျားခဲ့ပြီး ၁၉ ရက်နေ့က ရွာမှာပဲ သေဆုံးခဲ့တာလို့ စက်ထောင့်ကြီး တိုက်နယ်ဆရာဝန် ဒေါက်တာ ဖြိုးဝေက ပြောပါတယ်။

အလားတူ စက်ထောင့်ကြီးတိုက်နယ် ဆတ်သွားကျေးရွာက အလက(ခွဲ)ဆတ်သွား ကျောင်းမှာ နိုဝင်ဘာ ၁၈ ရက်က ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးအပြီး တတိယတန်းကျောင်းသူ မဖူးဖူးသွယ်ဟာ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဖျားနာပြီး ဆေးရုံတင်ထားရပေမယ့် စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။

“သေဆုံးတဲ့ကလေးက သိရသလောက် ကျောက်ကပ်ရောဂါအခံလည်း ရှိတယ်။ ဖျားတာမှာ ဆေးရုံလည်းမရောက်လိုက်ဘူး။ ရွာမှာပဲ ဆုံးသွားတာပါ။ ကျနော်က တိုက်နယ်ဆရာဝန်မို့ သွားကြည့်ပေးရတာပဲ ရှိပါတယ်။ တဆက်တည်း ဆတ်သွားကျေးရွာက ကျောင်းသူလေးက ဆေးထိုးပြီးဖျားလို့ ဆေးရုံတင်ပြီးစစ်ဆေးတော့ ကောင်းသွားပါပြီ။ စိုးရိမ်စရာ မရှိတော့ပါဘူး။ ဆေးထိုးလို့ဖြစ်တာတွေ ဟုတ်၊ မဟုတ် အနေအထားက စစ်ဆေးနေတုန်းမို့ စစ်ဆေးပြီးမှ ပြောလို့ရမှာပါ” လို့ စက်ထောင့်ကြီးတိုက်နယ်ဆရာဝန် ဒေါက်တာဖြိုးဝေက ပြောပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးမထိုးခင်မှာ ကလေးတွေမှာ နာတာရှည်ရောဂါတွေ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ကျောက်ကပ်ရောဂါတွေရှိမရှိ မေးမြန်းစစ်ဆေးပြီးမှ ထိုးစေတာဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးချိန်မှာ မိဘတွေကိုလည်း အတတ်နိုင်ဆုံး ဘေးနားမှာရှိပြီး ထောက်ခံချက်ရမှ ထိုးစေတာဖြစ်ကြောင်း၊ ညွန်ကြားချက်အရ ဖျားနာနေသူကို ထိုးမပေးတော့ဘူးလို့ ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဆတ်သွားကျေးရွာက တတိယတန်းကျောင်းသူ ဖူးဖူးသွယ်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ဝင်းစန္ဒာခိုင်ကတော့ “ကလေးက ဆေးထိုးပြီးကျောင်းကအပြန် ညနေပိုင်းလောက် ကိုယ်တွေပူပြီး ကိုယ်တွေလက်တွေ ကိုက်လာတယ်။ မနေ့က မနက်ပိုင်းက သက်သာပြီး ဆော့တောင်ဆော့နေသေးတယ်။ ညနေပိုင်းလောက်ကျမှ ကိုယ်တွေပူပြီး နှလုံးတွေပါခုန်လာတယ် ပြောလို့ စိုးရိမ်ပြီး ဆေးရုံတင်လိုက်တာပါ။ အခုတော့သက်သာလို့ ဒီညနေ ဆေးရုံကပြန်ဆင်းမယ်” လို့ ပြောပါတယ်။

စက်ထောင့်ကြီး တိုက်နယ်အတွင်းမှာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ အထက်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁ ကျောင်းနဲ့ မူလတန်းကျောင်း ၁၃ ကျောင်းက ကျောင်းသားကျောင်းသူ ၂၆၆၀ ဦးကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးတွေထိုးပေးခဲ့တာမှာ အခုလိုဖြစ်ပွားခဲ့တာလို့ သာပေါင်းမြို့နယ်ပညာရေးမှူးရုံးက သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013