
ရှမ်းပြည်နယ်၊ တောင်ပိုင်းလွိုင်လင်မြို့နယ်၊ ပါဟုတ်ကျေးရွာမှာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက အမည်မသိ မျက်နှာဖုံးစွပ် သုံးဦးက အိမ်ပေါ်မှာရှိတဲ့ ရာအိမ်မှူးကို ဓားနဲ့ခုတ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။
“တောင်ယာလုပ်တာပြန်လာပြီး ထမင်းစားတယ်။ ထမင်းစားပြီး အိမ်ပေါ်တက်သွားတဲ့ အချိန်မှာ ခေါင်းစွပ်မျက်နှာအုပ်ထားတဲ့ အမည်မသိသူသုံးဦးက ဦးဖြားမောင် (ခေါ်) ဦးတိယိုင်းကို သတ်ဖြတ်တဲ့အချိန်မှာ မိန်းမက မီးဖိုဆောင်မှာ အသံကြားတော့ အိမ်ပေါ်တက်ကြည့်တဲ့အခါမှာ သေဆုံးသွားပြီ” လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး စိုးထွန်းဝင်းက ပြောပါတယ်။
ဦးဖြားမောင်ဟာ နေရာပင် ခေါင်းပြတ်သေဆုံးနေပြီး သတ်တဲ့သူ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
“လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဦးဖြားမောင်ကို အမည်မသိ လူစိမ်းက ဝေ့ဝိုက်ချောင်းမြောင်းနေတာကို ရွာသားတွေက တွေ့တယ်။ ဦးဖြားမောင်က နေအိမ်ကို ပြန်မအိပ်ဘဲ အခင်းဖြစ်တဲ့နေ့ကမှ ပြန်လာတာ” လို့ ဒေသခံတွေက ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီး တရားခံကိုဖမ်းဆီးရမိဖို့ ရဲတပ်ဖွဲ့က ဆောင်ရွက်နေပြီး လွိုင်လင်ရဲစခန်းမှာ လူသတ်မှု ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ခွန်ရာဇာ











