သစ်တောထိန်းသိမ်းရေး ပြည်သူများ ပါဝင်ရန် လိုအပ်

သစ်တောသစ်ပင်ထိန်းသိမ်းရေးမှာ သစ်တောဝန်ထမ်းနည်းပါးမှုကြောင့် ပြည်သူတွေ ပါဝင်လာစေဖို့ လိုအပ်နေတယ်လို့ ဖောင်းပြင်မြို့နယ် သစ်တောဌာန ဦးစီးအရာရှိ ဦးနေမျိုးထွန်း(၂) က ပြောပါတယ်။
“သစ်တောလုပ်ငန်းတွေမှာဆို အဓိက ဖမ်းဆီးရေးပေါ့။ ဖမ်းဆီးရေးမှာဆိုရင် သစ်တောဝန်ထမ်းက အင်မတန်ကို နည်းပါတယ်။ ကျနော်တို့ တောအုပ်တောခေါင်း ညွှန်ကြားရေးမှူးချုပ်အပါအ၀င် ကျနော်တို့ ၀န်ထမ်း ၈၀၀၀ လောက်ပဲ ရှိပါတယ်။ အဲဒီမှာ ၀န်ထမ်းတဦး ထိန်းသိမ်းရတဲ့ ဧက က ၈၀၀၀ လောက် ရှိတယ်ဆိုတော့ ထိန်းသိမ်းရတာ မနိုင်ပါဘူး။ အဲဒီတော့ ပြည်သူလူထုတွေရဲ့ အဓိကပါဝင် ထိန်းသိမ်းပေးခြင်းဖြင့် ဒီ တရားမ၀င်သစ် လုပ်ငန်းတွေလည်း ပပျောက်သွားမယ်မှာ ဖြစ်တယ်” လို့ ဒီနေ့ ကလေးမြို့မှာ ပြုလုပ်တဲ့ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံ အစိုးရအနေနဲ့ သစ်တောထိန်းသိမ်းခြင်း လုပ်ငန်းတွေအတွက် ၁၀ နှစ် စီမံကိန်းချ ဆောင်ရွက်နေပြီး သစ်တောဦးစီးဌာနအနေနဲ့လည်း မူဝါဒ ၆ ရပ် ရေးစွဲ အကောင်ထည်ဖော်လျှက်ရှိပြီး အဲဒီမူဝါဒ ၆ ရပ်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်ချက်ကို အဓိကကျတဲ့ အချက်အဖြစ် ပါဝင်နေပြီး အဲဒီ ပြည်သူပါဝင်လာစေရေးမူဝါဒ အကောင်ထည်ဖော်ခြင်းအနေနဲ့ ပြည်သူတွေကို သင်တန်းတွေ အဆက်မပြတ် ပို့ချနေတာကို တွေ့ရပါတယ်။
“ကျနော်တို့ သစ်တောဦးစီးဌာနမှာ အဓိကကျတဲ့ မူဝါဒ ၆ ချက် ရှိပါတယ်။ အဲဒီထဲမှာ အဓိက ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဆိုတဲ့ အချက် ၁ ချက်ကို အကောင်ထည်ဖော်တဲ့ အနေနဲ့ သစ်တောဌာနက ဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေ ပူးပေါင်းပါဝင် ဆောင်ရွက်လာဖို့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ပြည်သူတွေရဲ့ သစ်တောသစ်ပင်တွေကို ချစ်တတ်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူတွေကို သင်တန်းတွေ ပေးနေတယ်” လို့လည်း မော်လိုက်ခရိုင် သစ်တောဦးစီးဌာန ခရိုင်သစ်တောဦးစီးအရာရှိ ဦးတင်မျိုးသန်းက ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေရဲက ၃၈ သန်းကျော် လူဦးရေဟာ ကျေးလက်ဒေသနေထိုင်သူတွေ ဖြစ်ကြပြီး တနည်းမဟုတ် တနည်းနဲ့ အနီးပတ်ဝန်းကျင် သစ်တောတွေအပေါ် မှီခိုနေကြပါတယ်။
အဲဒီမှီခိုမှုကနေတဆင့် သစ်တောတွေကို ဖျက်ဆီးမိတာတွေ ဖြစ်နေပြီး ပြည်သူကို သစ်တော အသိပညာပေးခြင်းဖြင့် သစ်တောထိန်းသိမ်းခြင်း နည်းတရပ်ကို သစ်တောဌာနက အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောမြေဧကပေါင်း ၉၀၇၅၈၃၇ ဧကရှိပြီး တိုင်းဒေသကြီးအနေနဲ့ သစ်တောဖုံးလွှမ်းမှု ၄၇ ဒဿမ ၀၄ နှုန်းထိ ရှိနေသေးတယ်လို့ FAO က ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ် သစ်တောသယံဇာတဆန်းစစ်ချက်အရ သိရပါတယ်။
မင်းရဲစစ်နိုင်











