DVB Logo
Home
Lead Story
ထိပ်သီးအစည်းအဝေးကြီး ပြီးတော့လည်း နေသာသပ လေညာက ဖြစ်နေမလား
DVB
·
November 20, 2017
ထိပ်သီးအစည်းအဝေးကြီး ပြီးတော့လည်း နေသာသပ လေညာက ဖြစ်နေမလား
Donate to DVB

အမေရိကန်ပြည်ထောင်စု၊  တရုတ်၊  ဂျပန်၊  ရုရှား၊  ကနေဒါ၊  သြစတြေးလျနဲ့ မက္ကဆီကို နိုင်ငံခေါင်းဆောင်တွေ အပါအဝင် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ အစည်းအဝေးကြီး ကျင်းပခဲ့ပါပြီ။

အလားတူပဲ အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေကလည်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ အစည်းအဝေးကျင်းပပြီး အမေရိကန်၊  ဥရောပသမဂ္ဂ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ခေါင်းဆောင်တွေ အပါအဝင် အရှေ့အာရှ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မနီလာမြို့မြောက်ပိုင်းက အိန်းဂျဲလိစ်မှာ ကျင်းပသွားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု အပါအဝင် တက်ရောက်လာတဲ့ နိုင်ငံအတော်များများကတော့ သူ့ပြဿနာနဲ့သူ ရှိနေခဲ့ကြတယ်လို့ ပြောရမှာပါပဲ။ အဲဒီနိုင်ငံအသီးသီးက ပြဿနာတွေထဲ ဒီအစည်းအဝေးကြီးတွေမှာ မပါမဖြစ် ဆွေးနွေးရမှာပဲလို့ အကဲခတ် လေ့လာသူတွေ မှန်းဆခဲ့တာကတော့ တိုက်ချင်းပစ်ဒုံးတွေ မကြာခဏ ပစ်ခတ်စမ်းသပ်နေသလို နျူကလီးယားနဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုတွေလုပ်ပြီး ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုအထိ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားအရေးကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတဲ့ကိစ္စ၊ မြန်မာအစိုးရတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြာင့် ရိုဟင်ဂျာ မွတ်ဆလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သိန်းနဲ့ချီပြီး အစုလိုက်အပြုံလိုက် ထွက်ပြေးခိုလှုံနေကြတဲ့ ကိစ္စတွေက ထိပ်တန်းပြဿနာတွေ ဖြစ်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံကို ရောက်ခဲ့တဲ့အချိန်မှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်ရန်စမှုနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ပြောဆိုတုံ့ပြန်ခဲ့သလို တခြားနိုင်ငံတွေကိုလည်း မြောက်ကိုရီးယား နိုင်ငံအပေါ် တညီတညွတ်နဲ့ အရေးယူဒဏ်ခတ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီထိပ်သီးအစည်းအဝေးကြီးတွေ မကျင်းပခင်မှာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး (HRW) ရဲ့ အာရှညွှန်ကြားရေးမှူး ဘရက်ဒ်အဒမ်က “ရိုဟင်ဂျာအရေးဟာ နှစ်ပေါင်းများစွာအတွင်း အာရှရဲ့ အဆိုးဝါးဆုံး လူ့အခွင့်အရေး ကပ်ဘေးသင့်မှု ဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ မတရားညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်စဲပြီး လွတ်လပ်တဲ့ လေ့လာသူတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေကို ဝင်ခွင့်ပေးဖို့ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ သဘောတူ ဆုံးဖြတ်တာမျိုး မလုပ်ဘဲ ကိုယ့်နိုင်ငံကိုယ် ပြန်မသွားသင့်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာလည်း အစိုးရနဲ့ သဘောထား ကွဲပြားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးသမားတွေ အပေါ် အစိုးရရဲ့နှိပ်ကွပ်မှုတွေ တိုးများလာနေလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက အေပက်နဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေ မကျင်းပခင်မှာ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၅ ယောက်ရဲ့ စာရင်းကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါဇင်ပေါင်း အတော်များများဖြစ်တဲ့ အစိုးရနဲ့ သဘောထား ကွဲပြားသူတွေဟာလည်း တဖက်သတ် စွတ်စွဲဖမ်းဆီးတာ ခံထားရပြီး တရားစီရင်တာကို စောင့်နေကြရတဲ့သူတွေလည်း ရှိနေတယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ဒေသခံ လူ့အခွင့်အရေး ထောက်ခံအားပေးသူတွေကလည်း ထိပ်သီးအစည်းအဝေးတွေ မတိုင်ခင်မှာ တခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို နေအိမ်အကျယ်ချုပ်ချ ဖမ်းဆီးတာတွေ ဒါမှမဟုတ် မေးမြန်းဖို့ ဆင့်ခေါ်တာတွေ အစိုးရက လုပ်ခဲ့တယ်လို့ အစီရင်ခံ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက် အာဆီယံနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဖိလိပိုင်နိုင်ငံမှာလည်း သမ္မတ ဒူတာတေးရဲ့ အသတ်အဖြတ်ကြမ်းလှတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေကို ပစ်မှတ်ထား နှိမ်နင်းရာမှာ တရားစီရင်မှုပြင်ပ သတ်ဖြတ်မှုတွေ အများကြီးဖြစ်ခဲ့တဲ့အတွက် ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ မြို့နေဆင်းရဲသားတွေ အများဆုံး သေဆုံးနေကြရသလို ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်ဟာ ဖိလိပိုင်နိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ နိုင်ငံရေးနေရာကိုလည်း ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကတော့ ခုထိပ်သီးအစည်းအဝေးကြီးတွေ မတိုင်ခင်မှာကတည်းက လူ့အခွင့်အရေး ထောက်ခံအားပေးသူတွေနဲ့ ရှေ့နေတွေကို ထပ်ပြန်တလဲ ခြိမ်းခြောက်နေခဲ့သလို သူက တနိုင်ငံလုံးကို စစ်အုပ်ချုပ်ရေး ကြေညာပစ်လိုက်မယ်လို့ သတိပေးနေတာ တွေ့ရပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတ ဒူတာတေး အာဏာရလာပြီးကတည်းက ချမှတ်ဆောင်ရွက်ခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးကြောင့် ဖိလစ်ပိုင်လူမျိုး ၁၂၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှညွှန်ကြားရေးမှူး ဘရက်ဒ်အဒမ်ကတော့ “ဒီထိပ်သီးအစည်းအဝေးကြီးတွေမှာ တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင် ၂၀ ထဲက တယောက်ယောက်က ဖိလစ်ပိုင်သမ္မတရဲ့ ချောက်ချားစရာကောင်းတဲ့ မကြုံစဖူး မူးယစ်ဆေးဝါး နှိမ်နင်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ထိပ်တိုက်ဝေဖန်ရင်ဆိုင် ပြောကြားနိုင်မယ်ဆိုတာ သေချာလောက်ပါတယ်။   ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်လို့ သံသယရှိသူတွေကို အကျဉ်းရုံး စီရင်သတ်ဖြတ်မှုတွေဟာ တရားဥပဒေမဲ့ရုံသာ မကပါဘူး၊ မထိရောက်သလို ရက်စက်ကြမ်းကြုတ်ပါတယ်” လို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။

နောက် အာဆီယံနိုင်ငံတခုဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာတော့ နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီကို အခြေအမြစ်မရှိ အမေရိကန်နိုင်ငံနဲ့ပေါင်းပြီး အာဏာရယူဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုက်ခိုက်ချေမှုန်း၊ ခုဆို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့တဲ့ လုပ်ရပ်အပေါ် ပြည်သူလူထု မကျေမနပ်ဖြစ်နေကြပြီး ဖမ်းဆီးထားတဲ့ အတိုက်အခံပါတီ ခေါင်းဆောင်ကို လွှတ်ပေးဖို့ တောင်းဆိုနေခဲ့ကြတာကို လက်ရှိအစိုးရ ရင်ဆိုင်နေရပါတယ်။

တကယ်တော့ လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ခုဆို နှစ်ပေါင်း ၃၃ နှစ် ရှိနေပြီဖြစ်တဲ့အတွက် အာရှမှာ သက်တမ်းအရှည်ကြာဆုံး အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်နေသလို ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး အစိုးရအဖွဲ့ခေါင်းဆောင်လို့တောင် ပြောနိုင်တဲ့အခြေအနေ နီးလာပါပြီ။ သူ့ရဲ့ အာဏာရပါတီဖြစ်တဲ့ ကမ္ဘောဒီယား ပြည်သူ့ပါတီက ပုလိပ်တပ်ဖွဲ့၊ စစ်တပ်နဲ့ တရားရုံးတွေကို ထိန်းချုပ်ထားပြီး အတုအယောင်စွဲချက်တွေ၊ ခြိမ်းခြောက်မှုတွေ၊ လာဘ်ထိုးမှုတွေကို အသုံးပြုပြီး နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သူတို့စိတ်တိုင်းကျ ထိန်းသိမ်းနေတာ ဖြစ်တယ်လို့ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အခိုင်အမာ ဝေဖန်ပြောဆိုတာကို ခံနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

မကြာသေးခင်ကပဲ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပါတီက အရေးကြီးတဲ့ သတင်းစာတစောင်နဲ့ လွတ်လပ်တဲ့ ရေဒီယိုသတင်းဌာနတခုရဲ့ ထုတ်လွှင့်မှုကို အင်အားသုံး ပိတ်ပင်ခိုင်းခဲ့ပါတယ်။ သူ့ပါတီရဲ့ ရည်ရွယ်ချက်ကတော့ အခြေခံ အတိုက်အခံ နိုင်ငံရေးပါတီတွေကို အပြတ်ဖယ်ရှားရှင်းလင်းပစ်ဖို့ပဲ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

နောက် ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ်မှာ တရားဝင် ယင်လတ်ရှင်နာဝါထရာရဲ့ အစိုးရကို အာဏာသိမ်းဖြုတ်ချခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယုဟာ အတိုက်အခံ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေကို တားမြစ်ပိတ်ပင်ထားခဲ့သလို ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ပိတ်ပင်၊ ပရမ်းပတာနဲ့ အစိုးရ၊  စစ်တပ်နဲ့ စည်းမျဉ်းခံဘုရင်နဲ့ မိသားစုတွေကို ဝေဖန်ပြောဆို ဖမ်းဆီးထိန်းသိမ်း အရေးယူ အပြစ်ပေးမှုတွေကို လုပ်ဆောင်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံသား အရပ်သား ၁၄၀၀ ကျော်ဟာ စစ်ခုံရုံးတွေက စီရင် ပြစ်ဒဏ်ချမှတ်မှာကို စောင့်စားနေကြရတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ဆိုပါတယ်။

ခု ကျနော်တင်ပြခဲ့တာတွေက အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေရဲ့ နိုင်ငံတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ အခု အေပက်နဲ့ အရှေ့အာရှ ထိပ်သီးနိုင်ငံတွေရဲ့ အစည်းအဝေးကြီးတွေက အဲဒီ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဘာတွေဆုံးဖြတ် ဆောင်ရွက်နိုင်ကြပါသလဲ။ ကျနော်တို့ မြန်မာနိုင်ငံက ရိုဟင်ဂျာအရေး ထည့်သွင်းဖော်ပြတာတောင် မရှိခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း ကုလသမဂ္ဂက ကြီးမှူးတဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မြန်မာနိုင်ငံက ဝင်ခွင့်ပေးဖို့ တိုက်တွန်းဖိအားပေးမှု လုပ်ရမယ့်အစား လွတ်လပ်တဲ့ ကော်မရှင်ဖွဲ့ဖို့ အမည်ခံ အရပ်သားအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေး ကော်မတီတရပ် ဖွဲ့စည်းစုံစမ်း အရေးယူဆောင်ရွက်ဖို့ ပြောကြားသွားတာ တွေ့ရပါတယ်။

မကြာခင်က တပ်မတော်က ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက တပ်မတော်အနေနဲ့ ဘာလူ့အခွင့်အရေး ချိုးဖောက်မှုတွေမှ မလုပ်ခဲ့ဘဲ တရားဥပဒေအရသာ လုံခြုံရေးအရ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အစီရင်ခံစာကို ထုတ်ပြန်သွားခဲ့ပါပြီ။ ကုလလုံခြုံရေးကောင်စီကတော့ အတော်အတန်ပြတ်သားတဲ့ တောင်းဆိုချက်တွေပါတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပေးနိုင်ခဲ့လို့ အရင်ကထက်တော့ နည်းနည်းတော့ တော်လာပြီလို့ ပြောရမှာပါပဲ။ ပြောချင်တာကတော့ ခု ကမ္ဘာ့ထိပ်သီးနိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်တဲ့ အေပက်နဲ့ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးကြီးတွေက မမှန်ကန် တရားမမျှတ၊ နိုင်ငံတကာက သတ်မှတ်ထားတဲ့ တရားဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့၊  ကျူးလွန်နေဆဲဖြစ်တဲ့ အစိုးရအဖွဲ့တွေ၊ တာဝန်ရှိတဲ့သူတွေကို ဘာမှ လောက်လောက်လားလား ဟန့်တားဖို့၊ အရေးယူဖို့ ဆုံးဖြတ်ချက်ချတာ မတွေ့ရပါဘူး။

တခြားနိုင်ငံရဲ့ အချုပ်အခြာ မထိပါးရေးမူအရ ဆိုပြီး ခေါင်းရှောင်ကြရင်တော့ အချုပ်အခြာအာဏာတို့ နိုင်ငံတော်တို့ဆိုတဲ့ စကားလုံးတွေကို ကိုယ်ပိုင်ပစ္စည်းလို အသုံးပြုပြီး အာဏာနဲ့ စည်းစိမ်ဥစ္စာ ကိုယ်ကျိုးရှာနေတဲ့ အစိုးရတွေရဲ့အောက်မှာ အထူးသဖြင့် ကျနော်တို့ရဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများက ပြည်သူတွေကတော့ လူချင်းတူတူ သူချင်းမျှမျှ မနေနိုင်မစားနိုင် အာဏာရှင်အစိုးရတွေရဲ့ ဖိနှိပ်မှုအောက်မှာ ဆက်ပြီး နင်းပြားဘဝနဲ့သာ နေသွားကြရမယ်လို့ ယူဆရပါကြောင်း။      ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013