DVB Logo
Home
မြန်မာသတင်း
နေမကောင်းဖြစ်သူများကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးမထိုးရန် ဆုံးဖြတ်
DVB
·
November 19, 2017
နေမကောင်းဖြစ်သူများကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးမထိုးရန် ဆုံးဖြတ်
Donate to DVB

 

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပြီး ကျောင်းသူသေဆုံးခဲ့ပြီးနောက် နေထိုင်မကောင်း ဖြစ်နေတဲ့သူတွေကို ဆေးထိုးမပေးတော့ဘူးလို့ စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောပါတယ်။

“အစကတော့ သိပ်နေမကောင်းရင်လည်း ထိုးပေးတယ်။ အခုတော့ နည်းနည်းနေမကောင်းရင်လည်း မထိုးပါနဲ့တော့ ဆိုပြီး မနေ့က ဆုံးဖြတ်လိုက်တယ်။ အဲဒီအတွက် ဆိုးကျိုးကတော့ တော်တော်များများ ကလေးတွေ လွတ်ကုန်မှာပေါ့။” လို့ ပြောပါတယ်။

ကာကွယ်ဆေးထိုးတဲ့နေရာ ရောင်တာ၊ နီရဲတာ၊ နာတာ၊ နည်းနည်းဖျားတာ၊ ပျို့အန်မူးဝေတာ စတဲ့ မပြင်းထန်တဲ့ လက္ခဏာတွေ နည်းနည်းပါးပါးဖြစ်နိုင်ပြီး ၁ ရက်၊ ၂ ရက်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိတယ်လို့ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းက အသိပေးထားပါတယ်။

ပြင်းထန်တဲ့ လက္ခဏာမျိုးကိုတော့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံ ပြီးခဲ့တဲ့ လက်ရှိအချိန်ထိ ကလေး ၅ သန်းကျော်ထဲက ၃ ယောက်မှာ ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးတိုင်း တောင်သာက ၁ ယောက်၊ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ၁ ယောက်နဲ့ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်က ၁ ယောက်တို့ ဖြစ်ပါတယ်။  တောင်သာနဲ့ မြောက်ဒဂုံက ကလေးနှစ်ယောက်ကတော့ ကနဦး ပြုစုမှု ပေးပြီး မကြာခင်မှာပဲ ပကတိပြန်ကောင်းသွားခဲ့ပြီး ပင်လောင်းက ကျောင်းသူလေးကတော့ သေဆုံး သွားခဲ့တာပါ။

အဲဒီကျောင်းသူမှာ နမိုးနီးယားရောဂါအခံရှိတယ်လို့ သိထားရပြီး ဒါနဲ့ ပတ်သက်တာ ရှိ၊ မရှိကတော့ အတိအကျမပြောနိုင်သေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောပါတယ်။

“မိဘတွေကို ပြောချင်တာက ဒါဟာလည်း ကာကွယ်ဆေးတမျိုးပါပဲ။ အရင်က ကျမတို့ ကာကွယ်ဆေး ၁၀ မျိုးတောင် ထိုးခဲ့ပြီးပြီလေ။ ကာကွယ်ဆေး ထိုးဖူးပြီးသား မိဘတွေပဲ။ ဘာလို့များ စိတ်ပူနေတာလဲလို့ ပြောချင်ပါတယ်။ ဒီဆေးက အရင်ထိုးခဲ့တဲ့ ဆေးတွေထက် နောက်ဆက်တွဲဆိုးကျိုး နည်းပါတယ်” လို့လည်း သူက ဆက်ပြော ပါတယ်။

ဒါ့အပြင် ဆေးထိုးပြီး မူးမော်တာတွေ လျော့ဖို့အတွက် ကလေးတွေ ကာကွယ်ဆေးမထိုးခင်မှာ အစာ အရင်ကျွေးထားဖို့၊ ဆေးထိုးပြီးကလေးကိုတော့ ဂတ်စ်မပါတဲ့ အချိုရည် ဒါမှမဟုတ် ရေတိုက်နိုင်တဲ့ အကြောင်းနဲ့ ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ကတော့ ကလေးတွေကို နေပူကျဲကျဲ အောက်မှာ အကြာကြီး တန်းစီစောင့်ဆိုင်းနေရတာမျိုး မဖြစ်အောင်လို့ ကူညီပေးစေလိုကြောင်း တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းက မေတ္တာရပ်ခံထားပါတယ်။

အရင်က ဆေးထိုးပြီးရင် စုရပ်မှာ နာရီဝက်စောင့်ခိုင်းထားပေမယ့် အခုတော့ ၁ နာရီခွဲအထိ စောင့်ဆိုင်းဖို့ သတ်မှတ်ထားတယ်လို့လည်း ဒေါက်တာ ထားထားလင်းက ပြောပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး အဲဒီထဲက ၃၀ ရာခိုင်နှုန်းလောက် သေဆုံးနေပါတယ်။ အသက်ရှင်ကျန်နေသူတွေမှာလည်း  နာတာရှည် ကိုယ်လက် အင်္ဂါမသန်စွမ်းတာ၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာချွတ်ယွင်းတာတွေ ဖြစ်တတ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013