DVB Logo
Home
ကျန်းမာရေး
ကိုယ့်ဘက်ကတော့ သူရဲကောင်း
DVB
·
November 19, 2017
ကိုယ့်ဘက်ကတော့ သူရဲကောင်း
Donate to DVB

 

 

ဆရာဝန် လုပ်စားရတာလည်း တယ်ပြီး မလွယ်လှပါဘူး ခင်ဗျာ။  

ဆရာတော်၊   သံဃာတော်တွေမှာ ၂၂၇ သွယ်သော ဝိနည်းသိက္ခာပုဒ်တွေ စောင့်ထိန်းရသလို၊   ကျနော်တို့ ဆရာဝန်တွေမှာလည်း ကျင့်ဝတ်တွေ ရှိပါတယ်။   ဆရာဝန် ဝိနည်း၊   တနည်း ဆေးပညာကျင့်ဝတ် Medical Ethic ဆိုတာတွေပေါ့လေ။  

ဆရာဝန်ဘွဲ့ယူစဉ်ကတည်းက ကျောင်းအုပ် ပါမောက္ခချုပ်ကြီး ချပေးတဲ့ ကတိသစ္စာတွေ လိုက်ဆိုကြရပါတယ်။   မေ့မှာစိုးလို့ ‘ဆရာဝန် အဓိဋ္ဌာန်ပြု ကတိသစ္စာ’ကို ခံ့ခံ့ညားညား ရေးပြီး ချိတ်ဆွဲထားလေ့ရှိကြတာ ဆေးရုံရောက်တဲ့အခါ သတိထားကြည့်ရင် တွေ့ရပါလိမ့်မယ်။  

သာသနာရဲ့အသက်ဟာ ဝိနည်းလို့ ဆိုကြသလို၊   ဆေးပညာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း Medical Profession ရဲ့ အသက်ဟာလည်း ကျင့်ဝတ်ပါပဲ။   ကျင့်ဝတ် Ethic တွေသာ မရှိရင် သေတာနဲ့ အတူတူပါပဲ။   ဆေးပညာလုပ်ငန်း မတည်တံ့နိုင်ပါဘူး။   ကျင့်ဝတ်ကိစ္စတွေကို စပြောခဲ့တဲ့ ဆေးပညာရဲ့ဖခင်ကြီး ဟစ်ပိုကရေးတီးရဲ့ ကျေးဇူးဟာ ကြီးမားလှပါတယ်။   သူ့တုန်းက အသုံးအနှုန်းကတော့ နည်းနည်းတောင် ကြမ်းလွန်းသေးရဲ့။   ကျမ်းကျိန်စာ Oath တဲ့။   လန့်စရာ။  

တကယ်တော့ သူနဲ့ ခေတ်ပြိုင်တွေ၊   သူ့အရင်က ပုဂ္ဂိုလ်ကြီးတွေလည်း ကျင့်ဝတ်ကိစ္စတွေ ပြောခဲ့ကြတာပါပဲ။   ရှုထောင့်အသီးသီးကနေ အလေးထား ပြောကြားကြတာချင်းတော့ ကွာသပေါ့။   ဘာပဲဖြစ်ဖြစ် ဆရာဝန်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေဟာ ဟိုးရှေးကတည်းက အခိုင်အမာ ရှိခဲ့ပါတယ်။  

ပြဿနာရယ်လို့ အလွန်ကြီး မရှိခဲ့ပါဘူး။  

ဟော… ၂၁ ရာစုအဝင်မှာတော့ ကျင့်ဝတ်ပြဿနာတွေကို စဉ်းစားစရာ ဖြစ်လာပါတယ်။   ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုအရှိန်က ကြီးမားလွန်းလှတယ်။   လူဦးရေ တိုးလာသလို၊   လူမှုဆက်ဆံရေးပုံစံကလည်း ပြောင်းလဲကုန်ပြီဆိုတာ ပြောစရာ မလိုပါဘူးနော်။   ရှေးတုန်းက ရှင်းတယ်။   ခုခေတ်က ရှုပ်တယ်။   ဆေးပညာကလည်း တိုးတက်လိုက်တာ အံ့ဘနန်းပဲ။   သူ့ထက်သူ လူစွမ်းကောင်းတွေ နေ့စဉ်နဲ့အမျှ ပေါ်လာလိုက်တာ လိုက်လို့ရယ် မီနိုင်ဘူးကွယ်လို့ ညည်းယူရပါသဗျာ။  

ကောင်းတာပေါ့လို့ ယေဘုယျအားဖြင့် ပြောလို့ရပေမယ့် ကျင့်ဝတ်ပိုင်းအရကျတော့ ဝေခွဲမရ ဖြစ်ရတာတွေ ပေါ်လာတယ်။   တိုးတက်တိုင်း ကောင်းသလား။   လုပ်နိုင်တိုင်း လုပ်သင့်ရဲ့လား။   မေးခွန်းတွေ မေးလာရပြီ။   လက်ရှိကျင့်ဝတ်တွေဟာ ခေတ်ကြီးရဲ့ ပြောင်းလဲမှုတွေနဲ့အတူ လိုက်လျောညီထွေ ပျော့ပျော့ပျောင်းပျောင်း Flexible ဖြစ်ပါရဲ့လား။   တင်းမာမှု Rigid ဖြစ်လွန်းလို့ တိုးတက်မှုကို ဟန့်တားရာ ရောက်နေသလား။  

ကျင့်ဝတ်ပညာရှင် Ethicist တွေ ဦးနှောက်စားကြတယ်။   ကျနော်တို့လည်း လိုက်စားကြည့်ကြရအောင်။  

လောလောလတ်လတ် တိုးတက်မှုတခုက စကြမယ်။   မကြာသေးမီကမှ ကမ္ဘာမှာ ပထမဆုံးသော မျက်နှာအစားထိုး ခွဲစိတ်ကုသမှု Facial Transplant အောင်မြင်သွားတယ် ဆိုတာ ဖတ်မိ၊   ကြားမိကြမှာပါ။  

ပြင်သစ်သူတဦးဟာ မျက်နှာမှာ ခွေးကိုက်ဒဏ်ရာ အမာရွတ်ကြီးကြောင့် ရုပ်ဆင်းပျက်ပြီး လူတောမတိုး ဖြစ်နေတယ်။   ရုတ်တရက် သေဆုံးသွားရှာတဲ့ ကိုယ်ခန္ဓာအလှူရှင် ကောင်မလေးတယောက်ဆီက မျက်နှာကိုခွာပြီး သူ့ဆီ ပြောင်းတပ်ပေးလိုက်တော့ လှသွားရော။   ဆေးပညာရဲ့ တိုးတက်အောင်မြင်မှုကြီး တရပ်ပေပေါ့လေ။   သို့ပေမယ့် ကျင့်ဝတ်ဆရာ အချို့က အပြင်းအထန် ဝေဖန်တိုက်ခိုက်ကြပါတယ်။  

အဲဒီပြင်သစ်သူဟာ မျက်နှာမလှပေမယ့် လူက အလတ်ကြီးပါတဲ့။   ကျန်းမာရေးက ဒေါင်ဒေါင်မြည်။   တူနဲ့ထုလို့တောင် အရာမထင်လောက်ဘူး။   မျက်နှာအစားထိုးကာမှ ကံကောင်းလို့ မသေ၊   သံချောင်းတို့အမေ။   နာရီပေါင်းများစွာ မေ့ဆေးပေးပြီး ခွဲစိတ်ရတာ လေ။   ကုန်လိုက်တဲ့ငွေတွေကလည်း သောက်သောက်လဲ။   သေမြေကြီး၊   ရှင်ရွှေထီးလို့ ပြောရ အောင်ကလည်း အခုလို ခွဲစိတ်မှု အောင်မြင်ရုံနဲ့ ကိစ္စပြတ်တာ မဟုတ်ဘူး။   ဆေးပြင်းပြင်း တွေ တသက်လုံး မှီဝဲနေရမှာတဲ့။   ဆေးဒဏ်က မသက်သာလှသလို၊   ဆေးဖိုးကလည်း မွဲလောက်တဲ့ ကိန်းဂဏန်း။   ရုပ်ဆိုးလူကောင်း ဘဝကနေ ရုပ်သင့်လူမမာဖြစ်စေရအောင် ငွေကုန်၊   လူနွမ်း၊   ဆရာပန်း ဖြစ်သင့်ပါရဲ့လားလို့ ဝေဖန် ပြစ်တင်ကြပါတယ်။  

သို့ပေမယ့် ကာယကံရှင် ကိုယ်တိုင်ကကျတော့ ပီတိဖြစ်နေပြန်ရော။   သူ့အဖို့ကျ သေချင်သေ၊   ရုပ်ဆိုးကြီး မဖြစ်ချင်သူလေ။   ခွဲစိတ်ပေးတဲ့ ဆရာဝန်တွေကို ကျေးဇူးတင်နေတယ်။   နောင်ရေးတွေကိုလည်း သူ သိပြီးသားပါ။   ဒဏ်ခံနိုင်တယ်ဆိုပြီးမှ သဘောတူခဲ့တာ။   ကဲ... ဒီလိုဆိုပြန်တော့လည်း ဆရာဝန်တွေကို ကျင့်ဝတ်နဲ့မညီဘူးလို့ စွပ်စွဲလို့ တော်ပါ့မလား။   ကိုယ့်ဘက်ကကြည့်တော့ သူရဲကောင်းတွေပါ။   နောင်ဆို… အခု အောင်မြင်မှုကနေပြီး ဆက်လက်တိုးတက်နိုင်စရာ လမ်းစတွေလည်း ပေါ်လာဦးမှာ မလွဲဘူး။  

မချီးကျူးချင်ရင်တောင် မကဲ့ရဲ့သင့်ပါဘူးဗျာလို့ သူတို့က ပြောချင်ကြမှာပဲ။   မိတ်ဆွေရော ဘယ်ဘက်က ပါမလဲ။  

ရီးဒါးစ်ဒိုင်ဂျက်မှာ ဖတ်ဖူးခဲ့တဲ့ ဇာတ်လမ်းလေးတပုဒ်ကိုလည်း နားဆင်ပါဦး။   သမီးလေးက သွေးရောဂါနဲ့ သေရတော့မယ်။   ရိုးတွင်းခြင်ဆီ အစားထိုးကုသနည်းမှတပါး အခြားမရှိ။   အစားထိုးစရာ ခြင်ဆီနည်းနည်းလောက် လိုက်ရှာကြည့်တဲ့အခါ မောင်အရင်း နှစ်ယောက်နဲ့တောင် မတူဘူး ဖြစ်နေတယ်။   ရန်ပုံငွေ Fund ထူထောင်ပြီး တကမ္ဘာလုံး ဆက်သွယ် ရှာဖွေတာတောင် ထောင်သောင်းချီတဲ့ အလှူရှင်တွေထဲမှာ ခြင်ဆီတူတာ မရှိ။   လက်လျှော့လိုက်ရုံသာ ရှိတော့တယ်။  

ရေနစ်စဉ်မှာ ကောက်ရိုးမျှင်လေး တပင်ကို အားကိုးမိသကဲ့သို့ ခပ်ရေးရေး အခွင့်အရေးလေး တခုတော့ ရှိနေလေရဲ့။   အဲဒါက နောက်ထပ် သမီးလေးတယောက် ထပ်မွေးခဲ့သော် တူကောင်း တူနိုင်တယ် ဆိုတာပါပဲ။   အလွန်မရေရာလှတဲ့ ကိစ္စကြီးပါ။   သို့ပေမယ့် အမေ့မေတ္တာက လုပ်နိုင်တာမှန်သမျှ လုပ်မယ်တဲ့။   ကလေး ထပ်ယူမယ်။   ယောက်ျားလေးမွေးပြီး ခြင်ဆီအုပ်စု မတူတော့လည်း ကံတရားပေါ့။  

ခက်တာက ကလေးမရနိုင်တော့ဘူး။   သားကြောဖြတ်လိုက်မိပြီးပြီ။   သူနဲ့ရတဲ့ ကလေးမှလည်း အုပ်စုတူကောင်းတူမှာ။   'ဒီ့ပြင်ယောက်ျားနဲ့ မွေးကွာ'ဆိုပြီး သဘောကောင်းကြီး လုပ်ချင်လို့တောင် လုပ်လို့မရဘူး။   ခက်ကပြီ။   ဒါပေမယ့် အဖေ၊   အမေဟာ ဒီအခက်အခဲလောက်နဲ့ လက်မမြှောက်ပါဘူး။   ခွဲစိတ်ပြီး သားကြော ပြန်ဆက်တယ်။   ဒါကလည်း ကံကောင်းမှ သံချောင်း။  

အဲ… ကံကောင်းပါတယ်။   ကလေး ရတယ်။   မိန်းကလေး။   တစ်သျှူးအုပ်စု အမျိုးအစား Tissue Typing လည်း တူတယ်။   အိုကေ။   ခြင်ဆီထုတ်လို့ရတဲ့ အချိန်ရောက်တာနဲ့ ဖောက်ပြီး အကြီးမကို လှူမယ်။   အသက်ကြီးတဲ့အထိ မစောင့်နိုင်ဘူး။   အဲဒီမှာ ကျင့်ဝတ်ဆရာကြီးများက ကျွက်ကျွက်ဆူအောင် အော်ကြတာပေါ့။   ဒါ Ehtical မဖြစ်ဘူး။   အသုံးချဖို့ ရည်ရွယ်ချက်သက်သက်အတွက် ကလေးတယောက် လုပ်ယူလိုက်ကြတာ တရားမျှတပါရဲ့လားတဲ့။  

သူတို့က အဲဒီလို အော်နေကြပေမယ့် အစ်မဖြစ်သူလည်း သွေးရောဂါပျောက်၊   ခြင်ဆီလှူတဲ့ ညီမလေးလည်း ကျန်းကျန်းမာမာ၊   သမီးရွှေအိုးထမ်းလာတဲ့ကိန်း ဆိုက်သွားပါတယ်။   သမီးတယောက် ဆုံးရှုံးရတော့မယ့် အဖြစ်ကနေ နောက်ထပ် သမီးရတနာတပါးပါ ထပ်ဆောင်းရလိုက်နိုင်တဲ့ အမေဟာ ဟီးရိုးဖြစ်တော့တာပေါ့။   ဟိုဆရာတွေ အော်အား မရှိတော့ဘူး။  

သို့ပေမယ့် ဒါက အကြောင်းပေါင်းစုံ ညီညွတ်သွားလို့သာကိုး။   တကယ်တော့ အခုလို ကလေးတယောက်မှာ ရောဂါပါလာပြီဆိုရင် နောက်မွေးတဲ့ ကလေးတွေမှာလည်း ဖြစ်နိုင်တာကြောင့် ကလေးထပ်မယူဖို့တောင် ဆွေးနွေးအကြံပြုရဦးမှာ။   မတော်တဆ သူတို့  ထပ်မွေးလိုက်တဲ့ ကလေးဟာ ယောက်ျားလေးဖြစ်မယ်။   ခြင်ဆီအုပ်စု မတူဘူး။   ရောဂါလည်း ပါလာဦးမယ်ဆိုရင် ဖွပ်သထက် မညစ်ပေဘူးလား။   တပူပေါ် နှစ်ပူ မဆင့်ပေဘူးလား။   'လူနာကို ထပ်မနာပါစေနှင့် No more harm to the patient မူဝါဒနဲ့ မညီတော့ဘူးပေါ့။  

စဉ်းစားစရာပါ။     အတွေ့ရ မနည်းလှတဲ့ ဇာတ်လမ်းတပုဒ် ပြောလိုက်ပါဦးမယ်။  

ဆွေကြီးမျိုးကြီး လူကုံထံ ပညာတတ် မိသားစုတစုမှာ ရှုမငြီးတဲ့ သမီးအလိမ္မာလေး တယောက် ရှိပါတယ်။   ဉာဏ်ရည်လည်းထက်၊   သွက်လက်ချက်ချာလှတဲ့ သမီးလေးအတွက် မိဘတွေ ဂုဏ်တက်ရပါတယ်။   သို့ပေမယ့် ဖြစ်ချင်တော့ အိမ်က ကားဒရိုင်ဘာ အိမ်ထောင်သည် အရက်သမားရဲ့ ဖြားယောင်း စော်ကားခြင်းကို ခံလိုက်ရရှာတယ်။   တသက်မှာ တခါမှားမိတဲ့ အမှား။  

ကံတရားက မငဲ့ညှာတော့ဘဲ ဒီတကြိမ်အမှားကပဲ ဒုက္ခပေးပါလေရော။   ကိုယ်ဝန်ရသွားတယ်။   အရှက်တကွဲ အကျိုးနည်း ကိစ္စကြီးပေပေါ့။   မိသားစုဆရာဝန်ဆီ ပြေးပြီး အကူအညီ တောင်းကြတယ်။   ဆရာ တတ်နိုင်ရင်လည်း လုပ်ပေးပါ။   ဒါမှမဟုတ် လမ်းညွှန်ပေးပါ။   ကူညီပါဦး ဆရာရယ်ပေါ့။   ဒါပေမယ့် ဆရာ ကျင့်ဝတ်ပိုင်းဆိုင်ရာက ကြည့်ရင် ကိုယ်ဝန်ဖျက်တယ်ဆိုတာ ရာဇဝတ်မှုပါ။   မည်သည့်နည်းနှင့်မျှ မကူညီရပါဘူး။   မဖျက်ဖို့ အကြောင်းပဲ ဖျောင်းဖျလွှတ်လိုက်ပါတယ်။  

ကာယကံရှင်များဘက်က ကြည့်ပြန်တော့လည်း ဒီကိုယ်ဝန်ကို ဘယ်လိုမှ မွေးလို့ မဖြစ်ပါဘူး။   အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး။   အရှက်နဲ့ လူလုပ်ရတာလေ။   ဖျက်ပေးတယ်ဆိုတဲ့ မိန်းမကြီးဆီ ပြေးပါတယ်။   ဗိုက်ပေါ် တက်နင်း၊   လက်နဲ့နယ်၊   စပုတ်တံနဲ့ ထိုးချတော့ ကိုယ်ဝန်ပြုတ်ကျရုံမက မိန်းကလေးရဲ့အသက်ပါ ကြွေသွားရရှာပါတယ်။  

တကယ်ဆို ဆရာဝန်ဆီ အရင် ရောက်သေးတာပါ။   သူက ကျင့်ဝတ်အရ မကယ်နိုင်ဘဲ သဗ္ဗေသတ္တာ ကမ္မဿကာ လုပ်လိုက်လို့ ဒီအဖြစ်မျိုး ကြုံရတာပါ။   ဒီဇာတ်လမ်းမျိုးတွေဟာ သူတို့ဆီမှာလည်း ရှိထင်ပါရဲ့။   အမေရိကန် အမျိုးသမီး အဖွဲ့အစည်းများက မလိုချင်သော ကိုယ်ဝန် Unwanted Pregnancy ကို ဖျက်ချပိုင်ခွင့် တောင်းဆိုကြသတဲ့။   အရင်က တင်းကျပ်လွန်းတဲ့ ကိုယ်ဝန်ဖျက်ချမှု ဥပဒေတွေဟာ တချို့ပြည်နယ်တွေမှာ အလွန်ပျော့ပျောင်းသွားတယ်လို့ ဆိုပါတယ်။   ဆရာကျင့်ဝတ်မှာလည်း အပြောင်းအလဲတချို့ ဖြစ်သွားတော့ တာပေါ့လေ။  

သန္ဓေတားခြင်းကိစ္စကို ကြည့်ပါဦး။   ဟိုးအရင်က ဘာသာရေးအရ တားမြစ်ကြတာတွေ ရှိခဲ့တယ်။   ခုတော့ လေသံသိပ်မပြင်းနိုင်ကြတော့ပါဘူး။   လူဦးရေ တိုးနှုန်းက ထိန်းနိုင်ကာမှ တော်ကာကျမယ့် အခြေဆိုက်နေပြီကိုး။   ကလေးအထွက် မတိုးရေး အတွက်တောင် စီမံချက်တွေ ချမှတ်ဆောင်ရွက်လာကြတယ်။   ဟောကြ၊   ပြောကြ၊   ပညာပေးကြ၊   တားဆေးတွေ အခမဲ့ နီးပါးပေးကြ။   အဲဒီလို ကလေးများများမွေးမှာ ကြောက်ကြပေမယ့် သတိချွတ်ချော်၊   မတော်တဆ ရလာတဲ့ ကိုယ်ဝန်ကျပြန်တော့လည်း ဖျက်ခွင့်မပြုဘူး။   မွေးကို မွေးရမယ် လုပ်ကြပြန်တယ်။   တခါမှားရင် တသက်စာပဲ။  

သိပ်ကြီးတော့လည်း တွေးမပူပါနဲ့လေ။   ထွက်ပေါက်ရှာနိုင်စွမ်း ကြီးမားတာ မဟာ လူသားပါ။   တားဆေးအသစ်တွေ တီထွင်လိုက်တာ ဖျက်ဆေးအကောင်းစားတွေ ဖြစ်လာတယ်။   ဆရာဝန်တွေ အာပတ်လွတ် သုံးလာကြတယ်။   လမ်းဘေး ဆေးဆိုင်လေးတွေ၊   ကွမ်းယာဆိုင်တွေမှာ ဝယ်သောက်လိုက်ရုံနဲ့ ကိစ္စပြတ်တာလည်း ရှိတယ်။   တားဆေး သောက်တာလေ၊   ဖျက်တာ မဟုတ်ရပါဘူးပေါ့။  

မလိုလားတဲ့ ကိုယ်ဝန်ကို (မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြင်းကြောင့် မဟုတ်မူဘဲ) ဖျက်ချခွင့်ဟာ ဆိုးသလား၊   ကောင်းသလား၊   မဆိုးမကောင်းလား။   မိတ်ဆွေရော ဘယ်လို အကြံပြု ဆွေးနွေးချင်ပါသလဲ။  

မွေးကိစ္စ ပြီးတော့ သေဆုံးခြင်းဆိုင်ရာ ပြဿနာတွေဆီ သွားကြဦးစို့ရဲ့။  

ကျနော်တို့ ဘေးနားရွာက အမေကြီး တယောက်အသက် ရှစ်ဆယ်လောက်။   သမီးအပျိုကြီး နှစ်ယောက်က သိပ်ဂရုစိုက်ကြတယ်။   လူကြီးဝေဒနာနဲ့ အိပ်ရာထဲလဲပြီး အစားမဝင်တော့ ဆရာဝန်ပေါက်စ ကျနော်က လက်စွမ်းပြပြီး နှာခေါင်းပိုက်ကနေ အစာသွင်းပေးတယ်။   အိုကေ၊   စိုပြည်၊   အသက်ရှည်ရှာပါတယ်။   သို့ပေမယ့် သတိလစ်နေပြီ။   အပေါ့အလေးကိစ္စ လုံးဝ မသိရှာတော့ဘူး။   အသက်ရှူ နှလုံးခုန်တာက ပုံမှန်။   အသားအရေလည်း ကောင်းမှကောင်း။  

လနှင့်ချီပြီး ပက်လက်ကြီးဖြစ်နေတဲ့အခါမှာတော့ သမီးတွေကိုယ်တိုင်က အမေကို သနားလာတယ်။   အမေ ဝဋ်ခံပြီး သက်ဆိုးရှည်အောင်လုပ်ထားရာ ကျနေပြီလား စဉ်းစားလာကြတယ်။   နှာခေါင်းပိုက်ကြီး ဖြုတ်လိုက်ပါတော့လို့တော့ မပြောရက်ကြဘူး။   သေပါတော့ အမေရယ်လို့ ဆိုရာရောက်ပေလိမ့်မယ်။   ကျနော့်ဘက်ကလည်း 'ကဲ... ဒီလောက်ကုပြီးရင် တော်လောက်ပါပြီ။   ဖြုတ်လိုက်ကြစို့'လို့ တိုက်တွန်းလို့ ကောင်းပါ့မလား။   ဒါ... ဆရာဝန်စကား မဟုတ်ဘူး။  

ခုခေတ်မှာ အသက်ရှူစက်တွေ၊   သွေးလည်စက်တွေ တပ်ထားရာကနေ ဖြုတ်ဖို့ကျတော့ ပိုခက်ကရော။   ဖြုတ်လိုက်ရင် ကိစ္စတုံးရှာတော့မယ်မှန်း သိသိကြီးနဲ့ ဆုံးဖြတ်ရတာ ဘယ်လွယ်မလဲ။   ဒါပေမယ့် မျှော်လင့်ချက် လုံးဝမရှိတော့သလောက်နီးနီး လူနာကြီးမှာ မသေမချင်း တပ်ထားရပြန်တော့ စက်ပုပ်တယ်။   လုပ်အားပုပ်တယ်။   ဒီစက်တွေနဲ့ ကယ်လို့ရတဲ့ တခြားလူနာတွေ သေကုန်လိမ့်မယ်။  

ဦးနှောက်သေခြင်း Brain Death ဖြစ်ရင်တော့ သေချာပြီ။   ဖြုတ်လို့ရပြီ။   ဦးနှောက်မသေခင် 'အဖေ့ကို ဒီလိုပုံမျိုးကြီးနဲ့ မကြည့်ရက်ပါဘူးရှင်။   စက်တွေ ဖြုတ်လိုက်ပါတော့လို့' ချွေးမအလိမ္မာလေးက ပြောလာတာမျိုးကျတော့ရော။   ယောက္ခမကြီးခမျာ 'ကျုပ်မသေချင် သေးဘူးဗျာ'လို့ မပြောနိုင်တော့တဲ့ အခြေအနေ။   ဆရာဝန်က 'ရှင်ချင်ရင် ရှင်နိုင်သေးတယ်။   မဖြုတ်သေးဘူး။   ဆက်ထားမယ်'လို့ ဇွတ်ဆုံးဖြတ်လို့ မရပါဘူး။   ဆေးဖိုးဝါးခ၊   ငွေကုန်ကြေးကျက ရှိသေးတယ်။  

ဒါဆို ဆရာဝန်တွေဟာ သတိလစ်နေတဲ့ လူနာရဲ့ ဆန္ဒနဲ့ အသက်ရှင်ခွင့်ကို မကာကွယ်နိုင်သလို ဖြစ်မနေဘူးလား။   အလေးအနက် တွေးကြည့်ရင် စိတ်ရှုပ်စရာကြီးဗျာနော်။  

လူနာကိုယ်တိုင်က သေပါရစေ တောင်းဆိုလာတာမျိုးကျရင်ရော ဘယ်လို စဉ်းစားကြမလဲ။  

၁၅ နှစ်သား ကောင်လေးတယောက် ဦးနှောက်မှာ ကင်ဆာကျိတ်ပေါက်ပြီး မနေနိုင် မထိုင်နိုင်လောက်အောင် ခေါင်းကိုက်ရှာတယ်။   ရောဂါအဆင့် အခြေအနေအရရော၊   လူမှုစီးပွား အခြေအနေအရရောက ကုလို့မရတော့တဲ့ အနေအထားမှာ လုံးပါးမပါးခင် အသေအလဲ ဝေဒနာ ခံသွားရရှာသေးတယ်။   မသေခင် တလ၊   နှစ်လအလိုလောက်မှာ 'ဆရာ၊   ကျနော့်ကို သနားရင် သေဆေး ထိုးပေးပါဗျာ...။   ဆရာ့ကို အပြစ် မဖြစ်စေရဘူး' ဆိုတာမျိုး အကြိမ်ပေါင်းများစွာ အော်သွားရှာတယ်။   သူ ဆုံးတဲ့နေ့မှာပဲ အမေဖြစ်သူကိုယ်တိုင် 'သူ့ဆုတောင်း ပြည့်သွားတာပေါ့လေ'လို့ မျက်ရည်မဆည်နိုင်တဲ့ကြားက ပြောခဲ့တာကို အခုအထိ မှတ်မိနေပါသေးရဲ့။  

ကျနော်တို့ကိုယ်တိုင်လည်း ပြောကြတယ် မဟုတ်လား။   'သေရမှာ မကြောက်ပါဘူး။   ဝေဒနာအကြာကြီး ခံနေရမှာသာ ကြောက်တာ' ဆိုတာလေ။   အရပ်ထဲက လူကြီးတယောက် 'ခေါက် ခနဲ' နေ့မြင် ညပျောက်သွားတဲ့အခါ 'သေကံ ကောင်းလိုက်တာ'တဲ့။   သေရ မယ့်အတူတူ အဲဒီလို ဖျတ်ခနဲ သေချင်ကြပါတယ်။   သေတာထက် ဝေဒနာကို ကြောက်သပေါ့။   ကျနော့်မိတ်ဆွေ ကျောင်းဆရာကဆို 'ကျုပ်များ အဲဒီလို ကုမရတော့တဲ့ ရောဂါမျိုးနဲ့ ဝေဒနာခံနေရပြီဆိုရင် သက်သက်သာသာ အသက်ထွက်အောင် လုပ်ပေးဗျနော်'တဲ့။  

လုပ်ပေးခွင့်မရှိဘူး ဆိုတာ သူ သိပြီးသားပါ။   'ခင်ဗျား အဲဒီလို မလုပ်ကောင်းဘူးဗျ။   အဖန်ငါးရာ ငါးကမ္ဘာတဲ့' လူခင်ချင်းမို့ ကျနော်က စပါတယ်။   သူကလည်း မခေဘူး။   'ဝဋ်ကြာကြာခံရအောင် အချိန်ဆွဲထားတဲ့ ခင်ဗျားတို့ ဆရာဝန်တွေလည်း ငရဲကြီးမှာပဲဗျ'တဲ့။   နောက်ပြီး 'ခင်ဗျားဆိုရင်ရောဗျာ၊   အဲဒီ အခြေအနေမျိုးမှာ နေမလား၊   သေမလား' လို့လည်း ကောင်တာကွက်ရှင် ထုတ်လိုက်သေးတယ်။   'နိမိတ်မရှိ နမာမရှိဗျာ' လို့ ပြန်ပြောလိုက်ရပေမယ့် ကျနော်ကိုယ်တိုင်ဆိုရင်လည်း ...ဟာ ... မဦးမချွတ်၊   ဥုံဟဲ့၊   ဖွဟဲ့။  

နိုင်ငံအချို့မှာ ညင်သာစွာ ဇီဝိန်ကြွေစေခြင်း Euthanesia ကို ဥပဒေအရ တရားဝင် ခွင့်ပြုထားကြပါတယ်။   ထုံးစံအတိုင်း ကောင်းတာရှိက ဆိုးတာ ရှိ၏ပါ။   ဥပဒေကို လက်တလုံးခြား လှည့်ဖြားပြီး ဇီဝိန်ခြွေလိုက်ကြတာတွေ ရှိလာပါတယ်။   အထုပ်ကြီးကြီးရှိတဲ့ ယောက္ခမတွေဘဝက ရင်မအေးစရာ ဖြစ်လာတာပေါ့။   နေမကောင်းလို့မှ ဆေးထိုးမခံဝံ့စရာ။   တော်ကြာ အမွေများများ ကျန်၊   မြန်မြန်ရချင်တဲ့ ချွေးမလက်ချက် မိသွားမှဖြင့်။  

သေလောက်တဲ့ ရောဂါမရှိပါဘဲ ဆရာဝန် အကူအညီရယူ၍ သေကြောင်းကြံစည်ခြင်း Assisted Suicide တွေလည်း ရှိပါသတဲ့။   စီးပွားပျက်လို့၊   မိန်းမ နောက်ယောက်ျားနောက် လိုက်သွားလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းတွေဟာ ဒီနည်းသုံးပြီး ဇိမ်ကျကျအဆုံး စီရင်တတ်ကြပါတယ်။   စိတ်ကျဝေဒနာရှင်တွေ သေချင်တာက ထုံးစံပါ။   ရောဂါလက္ခဏာကြီးကို အတည်ယူပြီး လုပ်ပေးတာမျိုးလည်း ဖြစ်နိုင်ပြန်ရော။   ဖြစ်နိုင်တာ မဟုတ်ပါဘူးလေ၊   ဖြစ်ပြီးခဲ့ပါပြီ။  

သူတို့ဆီမှာ Euthanesia လုပ်ပေးလိုက်ပြီးသား လူပေါင်း ၁ဝဝဝ ကျော်ကို ပြန်လည် လေ့လာကြည့်လိုက်တဲ့အခါ အမှန်တကယ် လုပ်ပေးထိုက်သူက နည်းနည်းလေးရယ်တဲ့။   ကျန်တာတွေက မသင်္ကာစရာ။   သားငဲ့၊   သမီးငဲ့၊   မိန်းမငဲ့နဲ့ လက်မှတ်ထိုးပေးလိုက်သူတွေ ရှိပုံရပါရဲ့။  

ကဲ ... ကောင်းသေးလား။  

မွေးခြင်း၊   နေခြင်း၊   သေခြင်းကိစ္စတွေမှာ ဆေးပညာကျင့်ဝတ်ပိုင်းက ကြည့်ပြီး အမှား အမှန် ဝေဖန်ရခက်တာတွေဟာ ကြာလေ၊   များလာလေပါ။   လူတွေကလည်း ကြံကြံဖန်ဖန်တွေ လျှောက်လုပ်ကြတာကိုး။   ယောက်ျားယူရမှာ ကြောက်ပေမယ့် ကလေး လိုချင်တာတို့၊   အငှားကိုယ်ဝန်ဆောင်တာတို့၊   စူပါမင်းမျိုးစေ့နဲ့ မွေးချင်တာတို့၊   တိရစ္ဆာန်ဆီက ကလီစာကို လူထဲ အစားထိုးတာတို့၊   ပုံတူမျိုးပွားတာတို့၊   မျိုးရိုးဗီဇ ပြောင်းပစ်တာတို့၊   ဗီဇဆဲလ်ပြဿနာတို့ ...ဟို... စုံတယ် စုံတယ်။   အတော်ရှုပ်တယ်။  

ကျင့်ဝတ်ရှုထောင့်ဘက်က ကြည့်တဲ့အခါ ထောက်ခံအားပေးရမလိုလို၊   ကန့်ကွက်ရှုတ်ချရမလိုလို။   လိုလိုတွေနဲ့ပဲ ဆက်လက်ရွေ့ လျားနေဆဲ ကမ္ဘာကြီးပေါ့ ခင်ဗျာ။  

ကျင့်ဝတ်ပညာရှင်များဟာ ကျင့်ဝတ်နှင့်ညီ မညီ၊   Ethical ဖြစ် မဖြစ် ရှုမြင်သုံးသပ်နိုင်စေမယ့် နည်းနာနိဿယအဖုံဖုံကို ချပြကြပါတယ်။   ဝါဒများစွာအနက်က Principalism လို့ခေါ်တဲ့ 'သဘောတရား အခြေခံဖြင့် ချဉ်းကပ်သောဝါဒ'လေးကို နမူနာ ပြောပြပါရစေ။   သဘောတရားကြီးလေးပါးအပေါ် စဉ်းစားသုံးသပ် ဆုံးဖြတ်ကြပါတဲ့။   ကိုယ်တိုင် ဆုံးဖြတ်ခွင့် Autonomy ၊   အကျိုးဖြစ်ပေါ်မှု Beneficence ၊   ဆိုးကျိုးမရှိစေခြင်း Nonmalificience နဲ့ တရားမျှတမှု Justice ဆိုတဲ့ သဘောတရားကြီး လေးပါးနဲ့ တိုင်းတာကြည့်ရမယ်လို့ မိန့်ဆိုပါတယ်။  

မဆိုးဘူးဗျနော်။   သို့သော် အချို့ ပြဿနာတွေကျပြန်တော့ ဒီနည်းနဲ့ ဖြေရှင်းလို့ မရနိုင်တာတွေ ရှိလာပြန်ရော။   လေကြောရှည်နေပြီမို့ မပြောတော့ပါဘူး။  

ဒီဆောင်းပါးမှာ ပေးချင်တဲ့သတင်း Message က ...

ဆေးပညာ ကျင့်ဝတ်တွေ ရှိတယ်။   တိုးပွားလာတဲ့ လူဦးရေ၊   ရှည်လျားလာတဲ့ လူ့သက်တမ်း၊   ဆန်းပြားလှတဲ့ ကုထုံးနည်းပညာ၊   မဆုံးနိုင်တဲ့ လူသားတို့ရဲ့ လိုအင်တွေကြောင့် မူလရှိပြီး ကျင့်ဝတ်တွေကို မေးခွန်းထုတ်လာကြတယ်။   မှန်မှ မှန်သေးရဲ့လား။   သဘာဝမှ ကျပါလေစပေါ့။   ခေတ်၏ စိန်ခေါ်ခြင်းကို ခံနေရသော ဆေးပညာကျင့်ဝတ်များ ဖြစ်နေရကြောင်း မက်ဆေ့ပေးလိုက်တာပါ။   မိတ်ဆွေ နည်းနည်းပါးပါး ဦးနှောက် စားပါစေဆိုတဲ့ စေတနာနဲ့ပေါ့။  

တကယ်တော့ ကျနော်လည်း ဒီလောက်ကြီး နှိုက်နှိုက်ချွတ်ချွတ် တွေးဖူးတာ မဟုတ်ပါဘူး ခင်ဗျာ။   ဆရာနိုင်ဇော်ရဲ့ ၂၁ ရာစု၏ စိန်ခေါ်မှုအသစ်၊   ဆေးပညာ ကျင့်ဝတ်စာအုပ်ကို ဖတ်မိပြီးမှ စဉ်းစားမိလာတာပါ။   သူများစာအုပ်အပေါ်က ဆောင်းပါး တပုဒ် လုပ်စားတယ်လို့များ အမြင်ကပ်စွာ မညှာမတာ ချီးကျူးခဲ့ပါသော်... အဲ… မှန်သင့်သလောက်လည်း မှန်ပေတာပဲခင်ဗျာ။  

အတွေးလေးတစ မျှလိုက်ချင်တဲ့ စိတ်ကောင်းလေးနည်း နည်းတော့လည်း ပါပါရဲ့လေ။     ။  

ဒေါက်တာအောင်ကျော်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013