ဘုတ်ပြင်းမြို့နယ်တွင် ပင်လယ်လိပ်ကြီးတကောင် အသေဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အလယ်မာန်ကျေးရွာမှာ အရွယ်အစား (၂) ပေလောက်ရှိ ပင်လယ်လိပ်ကြီး တစ်ကောင်ကို နိုဝင်ဘာ ၁၇ ရက်နေ့က ဒေသခံတွေရဲ့ ငါးဖမ်းပိုက်အတွင်း ညှိတွယ်၍ အသေဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့က ဘုတ်ပြင်မြို့နယ်၊ အလယ်မာန်ကျေးရွာရှိ ဒေသခံ ရေလုပ်သားတွေဟာ ကမ်းနီး ပုဇွန်ပိုက်ကို ချထားရာမှ ညှိတွယ်ပြီး ပါလာတာဖြစ်ကြောင်း ဒေသခံရဲ့ ပြောပြချက်အရ သိရတယ်လို့ ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်က ပြောပါတယ်။
“လိပ်က ပင်လယ်လိပ်လို့ သိရပါတယ်၊ ပုဇွန်ပိုက်ထဲမှာ ပါလာလို့ အသေဖမ်းမိတာပါ။ အရွယ်အစားကတော့ ၂ ပေ ကျော်ကျော်လောက် ရှိပါတယ်။ ရှားပါးမျိုးစိတ် လိပ်ကြီးပါ” လို့ ဦးအောင်သိန်းလှိုင်က ပြောပါတယ်။
အဆိုပါ ပင်လယ်လိပ်ကြီး အထီးလား အမလားဆိုတာ တိတိကျကျ ဘယ်သူမှ မပြောနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။











