DVB Logo
Home
မြန်မာသတင်း
ရွာလယ်လမ်းမှ အသုဘဖြတ်ခွင့်မပြုသည့်ကိစ္စ ရဲအင်အား ထပ်မံတိုးမြှင့်
DVB
·
November 18, 2017
ရွာလယ်လမ်းမှ အသုဘဖြတ်ခွင့်မပြုသည့်ကိစ္စ ရဲအင်အား ထပ်မံတိုးမြှင့်
Donate to DVB

ရွာလယ်အခေါင်းဖြတ်သယ်ဖို့ကိစ္စနဲ့ပတ်သက်လို့ အရှေ့ရွာနဲ့အနောက်ရွာအငြင်းပွားနေတဲ့ ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာမှာ ရဲအင်အားကို ထပ်မံတိုးမြှင့်ချထားလိုက်ပါတယ်။

နားရေးချမယ့်အဖွဲ့ကိုလည်း မူလလမ်းဟောင်းကိုသာအသုံးပြုပြီးချဖို့ တိုက်တွန်းနေသလို လူစုခွကြဖို့နဲ့ လူစုလူဝေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားအောင်ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် ဥပဒေအရအရေးယူသွားမယ့်အကြောင်း ကြေညာထားပါတယ်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာက ရွာလယ်လမ်းမကြီးကို ဒေသခံတချို့က အလောင်းဖြတ်သယ်ပြီး အသုဘချခွင့်မပေးတဲ့အတွက် ရွာလမ်းမကြီးမှာပဲ အလောင်းချပြီး အသုဘမြေချခွင့်ရဖို့ ညှိနှိုင်းနေရပါတယ်။

ဇင်ပြွန်းကုန်းကျေးရွာအရှေ့ပိုင်းမှ ကွယ်လွန်သူ ဒေါ်သန်းသန်းနွယ်၊ အသက်(၄၉) နှစ်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၁၆ ရက်က ရွာလယ်လမ်းမကနေ သုဿာန်ကိုပို့ဆောင်ဖို့ သယ်ဆောင်လာတာမှာ ရွာအနောက်ခြမ်းက ဒေသခံတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတားဆီးခဲ့တာပါ။

ရွာအနောက်ခြမ်းက ဒေသခံတွေကတော့ အစဉ်အလာဓလေ့အရ ရွာလယ်လမ်းကသယ်ဖို့ ခွင့်မပြုဘဲ ရှေးလူကြီးတွေ အသုံးပြုခဲ့တဲ့အတိုင်း ရွာရဲ့ကျွဲလမ်းကိုသာ အသုံးပြုဖို့ ပိတ်ဆို့တားဆီးခဲ့တာပါ။

အသုဘရှင်တွေကတော့ ရွာကျွဲလမ်းဟာ အိမ်သာကြို အိမ်သာကြားကနေ သွားနေရတာနဲ့ ရွာအနောက်ခြမ်းက အသုဘဖြစ်ရင်တော့ ရွာလယ်လမ်းမကြီးကို သုံးခွင့်ရတာဟာ တရွာတည်းသားချင်း ခွဲခြားတာဖြစ်တယ်ဆိုပြီး အလောင်းစင်ကို ရွာလယ်လမ်းမကြီးမှာပဲ ချထားတာဖြစ်တယ်လို့ အသုဘရှင်တွေက ပြောပါတယ်။

အဲဒီလို အသုဘချဖို့ အခက်အခဲဖြစ်နေတဲ့ အခြေအနေကြောင့် ကျေးရွာမှတာဝန်ရှိသူတွေ နဲ့ ဘာသာရေး ခေါင်းဆောင်တွေညှိနှိုင်းနေပြီး အသုဘချရာလမ်းကိုအကြောင်းပြုပြီး ရွာမှာ အုပ်စုနှစ်စုအကြား မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်ပွားစေဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်တာဝန်ရှိသူတွေ လာရောက်စောင့်ကြပ် လုံခြုံရေးယူထားရပါတယ်။

ဇင်ပြွန်းကုန်းရွာမှာ လွန်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း အသုဘတခုကို ရွာနောက်ပိုင်းနေဒေသခံတချို့က ရွာလယ်လမ်းမကြီးကို အလောင်းဖြတ်သယ်ပြီး အသုဘချခွင့် မပေးတာကြောင့် ရဲအင်အားလုံခြုံရေးတင်းကြပ်ပြီး အသုဘချခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013