မြန်မာစစ်အာဏာရှင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာ ကော့ခ်မြစ် ရေထုညစ်ညမ်းမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Khaosod သတင်းမှာ ဖော်ပြပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ လာမဲ့ ဩဂုတ် ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ထိုင်းနိုင်ငံကို လာရောက်ဖို့ရှိနေပြီး အဆိုပါခရီးစဉ်အတွင်းမှာ ကော့ခ်မြစ်အတွင်း အဆိပ်သင့် ဓာတုပစ္စည်းတွေနဲ့ ညစ်ညမ်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ဆွေးနွေးသွားမှာဖြစ်သလို မြစ်ရေထု ညစ်ညမ်းမှု၊ စိုက်ပျိုးရေးဆိုင်ရာ မီးရှို့မှုတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံက တောင်းဆိုသွားမယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စတွေကို ဟန်ပြ သံတမန်ရေးရာ ဆွေးနွေးမှုမျိုး မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စတွေအဖြစ် ထိထိရောက်ရောက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေကြား ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို သက်ဆိုင်ရာ အစိုးရတွေကြား တိုက်ရိုက် ဦးစွာ ဖြေရှင်းသင့်တယ်လို့ ယူဆတာကြောင့် ကော့ခ်မြစ် ရေထုညစ်ညမ်းမှုကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ထိုင်းဘက်က စတင်ဆွေးနွေးတာမျိုး မရှိသေးဘူးလို့လည်း ဝန်ကြီးချုပ် အနုထင်းက ပြောပါတယ်။
တရုတ်နိုင်ငံဘက်ကတော့ မဲခေါင်မြစ်ခွဲတွေထဲမှာ ခဲဆိပ်အပါအဝင် လေးလံတဲ့ သတ္တုဓာတ်တွေ ညစ်ညမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှန်တကယ် တာဝန်ရှိသူကို ဖော်ထုတ်နိုင်ဖို့အတွက် အချက်အလက်နဲ့ သိပ္ပံနည်းကျ အထောက်အထားတွေအပေါ် အခြေခံကာ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ပူးတွဲစုံစမ်းစစ်ဆေးကြဖို့ တောင်းဆိုထားတာပါ။
ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံကြား ဆက်သွယ်ညှိနှိုင်းမှုတွေ အားကောင်းအောင်လုပ်ဖို့နဲ့ ပူးတွဲစုံစမ်းစစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားဖို့ တရုတ်နိုင်ငံ အနေနဲ့ ထောက်ခံအားပေးတယ်လို့ ဘန်ကောက်မြို့က တရုတ်သံရုံးရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ သံရုံးပြောရေးဆိုခွင့်ရှိသူက ရေးသား ဖော်ပြထားပါတယ်။
ရေထုညစ်ညမ်းမှု ပြဿနာကြောင့် ဘန်ကောက်မြို့က တရုတ်သံရုံးနဲ့ ချင်းမိုင်မြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွေမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ကန့်ကွက် ဆန္ဒပြမှုတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ ဒီအရေးကိစ္စကို အနီးကပ် စောင့်ကြည့်နေပြီး မြစ်ဝှမ်းတလျှောက် နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို နားလည် စာနာမိကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းက တရုတ်နောက်ခံပြု သတ္တုတူးဖော်ရေး လုပ်ငန်းတွေကြောင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းက ကော့ခ်မြစ်၊ စိုင်မြစ်၊ ရော့မြစ်နဲ့ မဲခေါင်မြစ်တွေကို ထိခိုက်နေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြောဆိုထားကြတာပါ။
ဆန္ဒပြသူတွေကတော့ အခုလို သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးရမှုတွေအပေါ် တာဝန်ယူ ဖြေရှင်းပေးဖို့နဲ့ ပြည်ပမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီထက်ပိုပြီး တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကိုရော တရုတ်အစိုးရကိုပါ တောင်းဆိုထားကြပါတယ်။











