
ကလေးတိုင်း အရင်းရှင်ဖြစ်စေဖို့ ရည်ရွယ်တဲ့ အမေရိကန် ကလေးငယ် ၅ သိန်းအတွက် ထရမ့်ပ် ငွေစာရင်းတွေထဲမှာ အစိုးရက ပထမအသုတ် ကန်ဒေါ်လာ ၁,၀၀၀ စီ ထည့်ဝင်ပေးလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၆ ရက်မှာ ကြေညာပါတယ်။
ဒီအစီအစဉ်ဟာ အမေရိကန်မှာ မွေးကင်းစကလေးတွေကို စတော့ရှယ်ယာဈေးကွက်မှာ ပါဝင်ခွင့် ရစေဖို့နဲ့ ငယ်စဉ်ကတည်းက ကြွယ်ဝချမ်းသာလာစေဖို့ ရည်ရွယ်တာပါ။
သမ္မတ ထရမ့်ပ်ဟာ ဘဲဥပုံရုံးခန်းမှာ နယူးယောက် စတော့အိတ်ချိန်းနဲ့ Nasdaq စတော့အိတ်ချိန်း အကြီးအကဲတွေနဲ့အတူ ဈေးကွက်ဖွင့်ခေါင်းလောင်းကို တီးခတ်ခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ်က “ထရမ့်ပ် ငွေစာရင်းဟာ ကလေးတိုင်းနဲ့ အမေရိကန်တိုင်းကို အရင်းရှင်တွေ ဖြစ်လာစေဖို့ပါ။ ကျနော်တို့ရဲ့ ကလေးတိုင်းဟာ အခုဆိုရင် နိုင်ငံရဲ့ အကြီးဆုံး ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပိုင်ဆိုင်သူတွေ ဖြစ်လာတော့မှာပါ” လို့ ပြောပါတယ်။
ဒီငွေစာရင်းတွေကို ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၈ ခုနှစ်ကြား မွေးဖွားတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။
ထည့်ဝင်ငွေတွေကို ရေရှည်တိုးပွားစေမဲ့ အညွှန်းကိန်းရန်ပုံငွေတွေမှာ အလိုအလျောက် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ချိန်မှာ ကာယကံရှင်တွေက စီမံခွင့်ရမှာပါ။
လာမဲ့ နိုဝင်ဘာ သမ္မတသက်တမ်းလယ် လွှတ်တော်ရွေးကောက်ပွဲမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုက မဲဆန္ဒရှင်တွေအတွက် အဓိက အရေးပါတဲ့ကိစ္စ ဖြစ်လာပါတယ်။
ဝင်ငွေနည်းတဲ့ မိသားစုတွေအနေနဲ့တော့ ဒီငွေစာရင်းတွေထဲ ထပ်မံငွေဖြည့်တင်းဖို့ ခက်ခဲနိုင်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
ဒါပေမဲ့လည်း ဒီအစီအစဉ်အတွက် Visa၊ Dell ၊ Comcast နဲ့ Micron စတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေက ရန်ပုံငွေတွေ ထပ်မံကူညီပေးဖို့ ကတိပြုထားကြပါတယ်။
Source: Reuters










