DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ကျပ်သိန်း ၁၇၀၀ ကျော်ဖိုးအထည်များပျောက်ဆုံးမှုဖြင့် ဆိုင်ဝန်ထမ်း၃ဦး ထောင်ချခံရ
DVB
·
November 17, 2017
မုံရွာတွင် ကျပ်သိန်း ၁၇၀၀ ကျော်ဖိုးအထည်များပျောက်ဆုံးမှုဖြင့် ဆိုင်ဝန်ထမ်း၃ဦး ထောင်ချခံရ
Donate to DVB

မုံရွာမြို့ ငြိမ်းချမ်းရေးချိုးငှက်စတိုးဆိုင်က ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ အဝတ်အထည်တွေ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မုံရွာမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၁၆ ရက်က တရားခံအဖြစ်စွပ်စွဲခံရသူ ဆိုင်ဝန်ထမ်းဟောင်း အမျိုးသမီး ၁ယောက်နဲ့ အမျိုးသား ၂ ယောက် ပေါင်း ၃ ယောက်တို့ကို ထောင်ဒဏ် ၁ နှစ်စီ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

၂၀၁၆ မေလက ဖြစ်ပွားခဲ့တဲ့ ဒီအမှုနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့သက်သေတွေ မတင်ပြနိုင်ဘဲ တရားစီရင် ဆုံးဖြတ်ခဲ့တာကြောင့် ဆက်လက်အယူခံဝင်သွားမယ်လို့ တရားခံဘက်က တရား လွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းကပြောပါတယ်။

“ဒီအမှုမှာ မျက်မြင်သက်သေ မရှိဘူးဗျ။ မျက်မြင်သက်သေ ဆိုတဲ့သူတွေက ကြိုတင်ထွက်ချက်ပေးထားရတဲ့သူတွေပဲ ရှိတယ်။ ဒီလူတွေက လွတ်လပ်တဲ့ သက်သေလို့ ဥပဒေအရ မဆိုနိုင်ဘူး။ ဒီအမှုစစ်ဆေးပြီး ပေါ်ပေါက်ချက်အရ တရားစီရင်ရေး လောကမှာ အမှုတမှု စွပ်စွဲချက်နဲ့ပတ်သက်ပြီး တရားခံလုပ်တယ်လို့ ယူဆစရာ သက်သေခံချက်လည်း ရှိမယ်။ တရားခံ မလုပ်ဘူးလို့ ယူဆစရာ သက်သေခံချက်လည်း ရှိမယ်ဆိုရင် တရားခံဘက်ကို သက်ညှာတဲ့ အမိန့်မျိုး ချရမယ်ဆိုပြီးတော့ မူရှိတယ်။ ဒီမူကို တရားရုံးက သုံးမသွားပါဘူး။ အနှစ်ချုပ်ပြောရရင် ဒီလောက် သံသယတွေ အများကြီး ပေါ်နေတဲ့အမှုမှာ သံသယရဲ့အကျိုးကို ဘယ်တော့မှ တရားလိုကို ပေးလို့မရဘူး။ သံသယပေါ်လာရင် သံသယရဲ့အကျိုးက တရားခံကို ပေးရမယ်ဆိုတဲ့မူ ရှိပါတယ်။ ဒါကို မသုံးသွားဘူး။ ဒီမူတွေ၊ ဒီဥပဒေတွေအတိုင်း ဆောင်ရွက်ပေးဖို့ အထက်ရုံးမှာ တင်ပြဖို့ စီစဉ်ထားပါတယ်”လို့ပြောပါတယ်။

အမှုဖြစ်စက ပိုင်ရှင်အနေနဲ့ ကျပ်သိန်း ၆၂၀ ဖိုး အထည်တွေ ပျောက်ဆုံးခဲ့တယ်လို့ ထွက်ဆိုခဲ့ပေမယ့် တရားရုံးမှာတော့ ကျပ်သိန်း ၁၇၅၀ ဖိုးထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ၁ နှစ်ခွဲကျော် အကြာမှာတော့ ဆိုင်ဝန်ထမ်းဟောင်း မဖြိုးဖြိုးဝေကို ပုဒ်မ ၃၈၁ အရ ထောင်ဒဏ် ၁ နှစ်၊ ကိုသန်းထိုက်အောင်၊ ကိုဖြိုးဝေအောင်တို့ကို ပုဒ်မ ၃၈၁/၁၄၄ အရ ထောင်ဒဏ် ၁ နှစ် အသီးသီးချမှတ်ခဲ့တာပါ။

တရားရင်ဆိုင်နေစဉ် ကာလအတွင်း မဖြိုးဖြိုးဝေက ၁ နှစ်နဲ့ ၃ ရက် အချုပ်ခံထားခဲ့ရသလို ကျန် ၂ ယောက်မှာလည်း ၁ နှစ်နဲ့ ၇ လထိ အမှုရင်ဆိုင်နေစဉ် ကာလအတွင်း အချုပ်ခံခဲ့ရတာပါ။

ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရတဲ့ မဖြိုးဖြိုးဝေက “သိန်း ၁၇၅၀ ဖိုးဆိုတဲ့ အထည်တွေက နည်းတာ မဟုတ်ဘူး။ ဒါပေမယ့် ကျမတို့ဆီက လက်ဆုပ်လက်ကိုင် တခုမှ မရှိခဲ့ဘူး။ သက်သေအထောက်အထား စွပ်ကျယ် တထည်တောင် မတင်ပြနိုင်ဘဲနဲ့ သူတို့ ခိုင်းထားတဲ့ ဝန်ထမ်း ၂ ယောက်ရဲ့ ထွက်ဆိုချက်နဲ့တင် အပြစ်ပြောလို့ ရတယ်ဆိုရင် တရားဥပဒေဟာ ပြည်သူတွေ လုံခြုံမှုမရှိတော့ဘူး။ တရားဥပဒေစိုးမိုးမှုလည်း မရှိတော့ဘူး။ တရားရုံးက လုံခြုံမှုမပေးဘူးလို့ ခံစားရတယ်။ ဒီလိုသာ လုပ်လို့ရမယ်ဆိုရင် မကျေနပ်ချက်တွေကို တရားစွဲနေကြမှာပေါ့။ ငွေရှိသူတွေရဲ့ ငွေအင်အားနဲ့ မရှိဆင်းရဲသားတွေ အပြစ်မရှိတဲ့သူကို လုပ်တာ။ သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး ကျမတို့ရဲ့ ဂုဏ်သိက္ခာအတွက် အမှားမလုပ်ခဲ့ဘူး၊ အပြစ်မလုပ်ခဲ့ဘူးဆိုတဲ့ အမှန်တရားကို အဆုံးစွန်ထိ ဖော်ထုတ်သွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အမှုမှာ စတင်တရားစွဲဆိုစဉ်က ဆိုင်ဝန်ထမ်း အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်တို့ကို ငြိမ်းချမ်းရေးချိုးငှက် စတိုးဆိုင်က တရားစွဲဆိုခဲ့တာပါ။ မြို့နယ်တရားရုံးရဲ့ တရားစီရင်တဲ့အပေါ်မှာလည်း စွပ်စွဲခံခဲ့ရတဲ့သူတွေက ဝေဖန်ခဲ့ပါတယ်။

တရားစွဲခံရသူတွေဘက်က ရှေ့နေငှားပေးတဲ့ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ မုံရွာ ရုံးခွဲတာဝန်ခံ ကိုမျိုးသက်နိုင်က “ချုပ်ရက်နဲ့ ပြစ်ဒဏ်ကျခံစေဆိုတာမှာ ပိုသွားတာတွေ ရှိတယ်။ လူတယောက်ရဲ့ အဲဒီထဲမှာ နေခဲ့ရတဲ့ ရက်ပိုတွေအတွက် မြန်မာနိုင်ငံရဲ့တရားစီရင်ရေးက ဘယ်လိုလုပ်ပေးမလဲ။ ဒါကတော့ ခုချိန်ထိ အဖြေရှာလို့လည်း မရသေးဘူး။ ပြောရရင် ဒီအမှုနဲ့ပတ်သက်ပြီး အမိန့်ချတဲ့အပေါ်မှာ ကျေနပ်မှုမရှိဘူး။ အဲဒီအတွက် ခရိုင်ကို ဆက်တက်မယ့်နေရာမှာလည်း ကူညီပေးသွားမှာပါ။”လို့ ပြောပါတယ်။

ငြိမ်းချိမ်းရေးချိုးငှက်ဆိုင်ရဲ့ အမှုနဲ့ပတ်သက်ပြီး မုံရွာမြို့ပေါ်က အရပ်ဘက် အဖွဲ့အစည်းတွေကလည်း လာရောက်ဝန်းရံခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013