DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင်အကြမ်းဖက်အဖွဲ့များခြေကုပ်ယူနိုင်သဖြင့် မြန်မာအစိုးရကို နိုင်ငံတကာနှင့်ပူးပေါင်းရန် အမေရိကန်တိုက်တွန်း
DVB
·
November 16, 2017
ရခိုင်တွင်အကြမ်းဖက်အဖွဲ့များခြေကုပ်ယူနိုင်သဖြင့် မြန်မာအစိုးရကို နိုင်ငံတကာနှင့်ပူးပေါင်းရန် အမေရိကန်တိုက်တွန်း
Donate to DVB

 

ကမ္ဘာ့အခြားဒေသက အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ရခိုင်ပြည်နယ်မှာ ၀င်ရောက်ခြေကုပ်ယူလာနိုင်လို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတုန်း သတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်သူများက လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးခဲ့ရမှုများအပေါ် ၀မ်းနည်းတယ်။ အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချတယ်။

အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် ဘင်္ဂါလီလူမျိုးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားပြီး ဒီ အကြပ်အတည်းအပေါ် နိုင်ငံတကာက အာရုံစိုက်ပြောဆိုလာကြပြီး အမေရိကန်ကွန်ဂရက် မှာလည်း လူမျိုးသုန်းသန့်စင်မှုသဘောသက်ရောက်တဲ့ သုံးနှုန်းဆွေးနွေးမှုများရှိလာတယ်။

ဒီအခြေအနေကို အသုံးချပြီး ကမ္ဘာ့အခြားဒေသက အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ၀င်ရောက်ခြေကုပ် ယူလာနိုင်တဲ့ အခြေအနေကို စိုးရိမ်ရတာကြောင့် မြန်မာနိုင်ငံအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်လို့ ပြောခဲ့တာဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းမှာ ဖော်ပြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများဟာ လုံခြုံရေးတပ်စခန်းများကိုတိုက်ခိုက်ရာမှာ အောင်မြင်မှုမရရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်မည်ကို ကြောက်ရွံ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခြင်း ဖြစ်တယ်။

ဒီလိုထွက်ပြေးရာမှာ သူတို့ရဲ့ မိသားစုများကိုပါ တပါတည်းခေါ်ပြီး ထွက်ခွာသွားတဲ့အတွက်  အခုလို လူဦးရေများပြားသွားခြင်းဖြစ်တယ်လို့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးက ဘင်္ဂလားဒေ့ရှ်ဘက်ကပြောတဲ့ လူအရေအတွက်အတိုင်း လက်ခံလို့ မရဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့ပါတယ်။

တပ်မတော်အနေနဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ရဲ့ လုပ်ဆောင်ချက်တွေအပေါ်  ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ပြောခဲ့ ပါတယ်။

နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်ကိုရောက်လာတဲ့ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီး ရက်စ်တေလာဆန်ဟာ   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံပြီး ရခိုင်အရေး ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013