DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ချက်များကို အမေရိကန်ထောက်ခံ၊ ဒေါ်လာ ၄၇ သန်း ထပ်မံပေးအပ်
DVB
·
November 16, 2017
ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ချက်များကို အမေရိကန်ထောက်ခံ၊ ဒေါ်လာ ၄၇ သန်း ထပ်မံပေးအပ်
Donate to DVB

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေအတွက် လူသားချင်းစာနာမှုအကူ အမေရိကန်ဒေါ်လာ ၄၇ သန်း ထပ်မံပေးအပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို အပြုသဘော ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံပြီးနောက် ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီတွေ ပေးအပ်သွားမယ်၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၄၇ သန်း ထပ်မံပေးအပ်မယ်၊ သြဂုတ်လ အကြမ်းဖက်မှုတွေ ဖြစ်ပွားချိန်ကစပြီး စုစုပေါင်း ကန် ဒေါ်လာ ၈၇ သန်းထိရှိပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အမေရိကန်နိုင်ငံက ဆက်လက်ပံ့ပိုးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို အပြုသဘောနဲ့ ထောက်ခံတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေကို ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းပြီး အမေရိကန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှု အသုံးအနှုန်းနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ခိုင်လုံပါမှ အတည်ပြုမယ်လို့လည်း ဝန်ကြီး တေလာဆန်က ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေဟာ  လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းနဲ့ အမေရိကန်နိုင်ငံက မြန်မာတပြည်လုံးကို စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ဖို့ ခုအချိန်မှာ အကြံပြုတိုက်တွန်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ခိုင်လုံတဲ့ သတင်းအချက်အလက်ရှိလို့ လူတဦးတယောက်ဟာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တကယ့်ကို ယုံကြည်ရတယ်ဆိုရင်၊ သူ့ရဲ့လုပ်ရပ်ဟာ ကျနော်တို့ လက်မခံနိုင်ဘူးလို့ တွေ့ရှိတယ်ဆိုရင်တော့ အဲဒီလူအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု ကောင်းကောင်းလုပ်ဖို့ သင့်တော်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်ကိစ္စ အသံတိတ်နေတယ်လို့ ပြောဆိုဝေဖန်နေကြတာကို စဉ်းစားလို့မရတဲ့အကြောင်း၊ အမှန်တကယ် နှုတ်ဆိတ်နေခြင်း မရှိကြောင်း၊ သြဇာကြီးမားဖို့ နိုင်ငံရေးလုပ်နေတာမဟုတ်ဘဲ မြန်မာပြည် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြည်သူတွေ ခံစားရဖို့ လုပ်နေတာဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ရာမှာ အတိုက်အခိုက်ခံရတာ အထူးအဆန်းမဟုတ်ကြောင်း၊ အရင်က ပြည်တွင်းမှာရော ပြည်ပမှာပါ တိုက်ခိုက်ခံနေရပြီး ယခု ပြည်တွင်းတိုက်ခိုက်မှု မရှိသလောက်ဖြစ်သွားပြီး ပြည်ပတိုက်ခိုက်မှုများ ရှိနေကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေနဲ့ ပတ်သက်ပြီးလည်း မြန်မာနိုင်ငံသားလို့ သက်သေပြနိုင်သူတွေကို  မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပေးမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောသွားပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013