
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ပန်တိုင်ကားဂိတ်နဲ့ ဧရာမင်းသားဆီဆိုင်ကြားမှာ ကွန်တိန်နာယာဉ်နဲ့ သစ်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ငါးနာရီကျော်ကြာလောက် ကားလမ်းပိတ်ဆို့မှု ဖြစ်ခဲ့ပါတယ်။
ရန်ကုန်ဘက်ကလာတဲ့ ကွန်တိန်နာယာဉ်နဲ့ ဧရာဝတီတိုင်းဘက်ကလာတဲ့ သစ်တင်ယာဉ်တို့ ဒီနေ့မနက် နှစ်နာရီခွဲကျော်လောက်က မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ကားနှစ်စီးလုံး ဦးခေါင်းပိုင်းပျက်စီးကာ ယာဉ်မောင်းနှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားပါတယ်။
ယာဉ်တိုက်မှုကြောင့် ဧရာဝတီတိုင်းဘက်သွားမယ့် ကားတွေရော၊ ရန်ကုန်ဘက်လာမယ့် ကားတွေပါ သွားလို့မရဘဲ ဒီနေ့မနက် ၈ နာရီဝန်းကျင်လောက်အထိ ကားလမ်းပိတ်ဆို့မှု ဖြစ်ခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းနှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်ပြီး စိုးရိမ်စရာမရှိကြောင်း၊ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ အကြောင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။










