DVB Logo
Home
မြန်မာသတင်း
မိုင်းရယ်မြို့နယ် ဟိုလန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်းမီးလောင်၊ ဆရာတော်ဒဏ်ရာရ
DVB
·
November 15, 2017
မိုင်းရယ်မြို့နယ် ဟိုလန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်းမီးလောင်၊ ဆရာတော်ဒဏ်ရာရ
1 / 3
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် စလန်းအုပ်စု ဟိုလန်းကျေးရွာမှာ မနေ့က ရွာဦးဘုန်းတော်ကြီးကျောင်း မီးလောင်မှုကြောင့် ကျောင်းတိုက်တခုလုံးနဲ့ ကားတစီး မီးလောင်ပျက်စီးပြီး ကျောင်းထိုင်ဆရာတော် ဒဏ်ရာရခဲ့ပါတယ်။

ယမန်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန် ကျောင်းထိုင်ဆရာတော် ဦးဝါလိင်တဟာ ဆွမ်းစားဆောင်မှာ ဆွမ်းစားနေစဉ် ကျောင်းတိုက်ပေါ်မှာ မီးလောင်တာသိရလို့ ကားသော့ တက်ယူတဲ့အခါမှာ မီးရှိန်ဟပ်မိပြီး ဒဏ်ရာရခဲ့တာလို့  ဟိုလန်းရွာသား စိုင်းဆိုင်ဖက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က မီးစလောင်တာ ၁၂ နာရီ ခွဲလောက်ပေါ့။ ရွာက မြို့နဲ့ အလှမ်းဝေးပြီး မီးသတ်ကား လည်းမရှိ ရေကလည်းဝေးတော့ ရွာသားတွေရေခပ်ပြီး ၀ိုင်းပြီးငြိမ်းသတ်ကြပေမယ့် မရဘူး။ ည ၇ နာရီခွဲလောက်မှာ အကုန်ပြာကျသွားပြီးမှဘဲ မီးလောင်တာ ရပ်သွားတယ်။ ဆရာတော်က ဆွမ်း စားနေရင်း မီးလောင်တော့ ကျောင်းအောက်မှာရပ်ထားတဲ့ ကားကိုရွှေ့မလို့ ကားသော့ တက်ယူတာ။ အဲဒီမှာ မီးဟပ်မိပြီး ခေါင်းမှာ ဒဏ်ရာရတယ်။ ညာဘက်ခြေထောက်လည်း မီးခဲ နင်းမိပြီး ဒဏ်ရာရတယ်။ ဒါကြောင့် ဆရာတော်ကိုတညလုံး နမ့်ပေါင်ဆေးရုံမှာ လာတင်ထား ရတယ်။ ကားက မမောင်းလိုက်ရဘူး၊ အကုန်ဝိုင်းတွန်းတာ မရဘူး၊ မီးလောင်သွားတယ်။”

မီးစလောင်တဲ့နေရာဟာ ဘုရားဆင်းတုတော်အနောက် မီးလုံးလေးတွေ ဆင်တဲ့နေရာ လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ရာကနေ စတင်လောင်ကျွမ်းကြောင်း၊ မီးလောင်မှုကြောင့် ကျောင်းတိုက်တခုလုံးအပြင် အတွင်းက ဘုရားဆင်းထုတော်တွေ၊ တရားစာအုပ်တွေ၊ ပရိဘောဂပစ္စည်းအားလုံး လောင်ကျွမ်းကြောင်း၊ ရှမ်းအိုးစည်တစုံ၊ စပါး အိတ် ၄၀ နဲ့ ကျောင်းအလှူငွေ ကျပ် ၁၈ သိန်းပါ မီးထဲပါသွားတယ်လို့ ဆိုပါတယ်။

အဆိုပါကျောင်းတိုက်မှာ ပျဉ်ကာပျဉ်ခင်း၊ သွပ်မိုး ခြေတံရှည် ကျောင်းဆောင်ဖြစ်ပြီး လွန်ခဲ့တဲ့  ၂၀၁၂ ခုနှစ်က ရွာသူရွာသားတွေ စုပေါင်းအလှူငွေနဲ့ တည်ဆောင်ခဲ့တာဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂ ထောင်ရှိမယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။

ကျောင်းသစ်ပြန်လည်ထူထောင်တည်ဆောက်ဖို့ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ ဖုန်းနံပတ်  ၀၉ ၄၂၂ ၆၇၇ ၄၉၉ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013