DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် မိုင်း ၃ လုံးပေါက်ကွဲ၊ တပ်မတော်ယာဉ် ၁ စီးထိခိုက်ပျက်စီး
DVB
·
November 15, 2017
မင်းပြားတွင် မိုင်း ၃ လုံးပေါက်ကွဲ၊ တပ်မတော်ယာဉ် ၁ စီးထိခိုက်ပျက်စီး
1 / 7
Donate to DVB

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာနဲ့ ဖားပြိုကျေးရွာ(ချင်းရွာ) မိုင်တိုင်အမှတ် ၈၄/၄ အနီး ရန်ကုန်-စစ်တွေကားလမ်းနားဘေးမှာ မိုင်းဗုံး၃ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မနက် ၉ နာရီကျော်မှာ  ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာမရှိပေမယ့် တပ်မတော်ထောက်ပံ့ရေးယာဉ်သုံးစီးမှာ တစီးကားရှေ့မှန် အနည်းငယ်ပျက်စီးသွားတယ်လို့ မင်းပြားမြို့နယ်မှူးဦးမြဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ မနက် ပေါက်ကွဲတာပါ။ ၉ နာရီ ၁၅ မိနစ်မှာပေါက်ကွဲတာ။ အဝေးထိန်းစနစ်နဲ့ ဖောက်တာ။ တပြိုက်နက်တည်း သုံးလုံးပေါက်ကွဲတာပေါ့။ နည်းနည်းတော့ မိနစ်ပိုင်းခြားတာ။ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးခင်ဗျ။ တပ်မတော်ကားရှေ့ကမှန် နည်းနည်းပျက်စီးသွားတယ်။ ပေါက်ကွဲတဲ့အပိုင်းအစတွေကို တပ်ကတော့ ယူသွားပြီး အဖြေ ကတော့ ဘာမှမသိရသေးဘူး။ ဘယ်ကလုပ်တယ်။ ဘယ်အဖွဲ့ လုပ်တယ်ဆိုတာ မသိသေးပါဘူး။ အရင်ဖြစ်ခဲ့တဲ့အမှု တခုတောင်မှ အခုထိမပေါ်သေးဘူး။”

အဲ့ဒီမိုင်းပေါက်ကွဲမှုတွေကြောင့် တပ်မတော်သားတွေစီးလာတဲ့ FAW ကား ၃ စီးမှ ရှေ့မှန်နဲ့ဘေးဖက်မှာ မှန်စတွေ ထိမှန်ခဲ့ပြီး လောလောဆယ် အခင်းဖြစ်ခဲ့တဲ့နေရာတွေကို တပ်ရော ရဲရောလုံခြုံရေးတွေယူထားကြပါတယ်။

အခင်းဖြစ်တဲ့နေရာနဲ့ ၁၂ မိုင်လောက်ဝေးတဲ့ မင်းပြားမြို့ကနေ ပေါက်ကွဲသံတွေကြားရတယ်လို့ မင်းပြားမြို့ ဒေသခံ ဦးစိုးမင်းက ဒီဗွီဘီကိုပြောပါတယ်။

“ပေါက်ကွဲသံကတော့ တော်တော်အသံကျယ်တယ်ဗျ။ ကျနော်တို့ မင်းပြားမြို့ထဲကတောင် ကြားရတယ်။ အဲ့ဒီနေရာနဲ့ဆိုရင် ကျနော်တို့ မင်းပြားနဲ့ ၁၂ မိုင်လောက်ဝေးတယ်။ ကျနော်တို့ အခင်းဖြစ်တဲ့နေရာသွားတော့ အဲ့ဒီမှာ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးခင်ဗျလို့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ကလည်း မင်းပြားမြို့နယ် ဆတ်ကျကျေးရွာနဲ့ တန်းဆိပ်ကျေးရွာ မိုင်တိုင်အမှတ် ၉၆/၄-၅ အကြား မိုင်းဗုံးပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုတွေကြောင့် ကစ္စပနဒီ ခရီးသည်တင်ကားဝဲမှန်နဲ့ ကယ်ဆယ်ရေး သယ်ဆောင်လာတဲ့ Fuso ယာဉ်တွေ အနည်းငယ်ပျက်စီးသွားပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ ပေါက်ကွဲမှုတွေကြောင့် မသင်္ကာသူတန်းဆိပ်ကျေးရွာက မွတ်ဆလင်နှစ်ဦးကို မင်းပြားမြို့ရဲစခန်းက (ပ) ၁၇၄/၂၀၁၇ ပေါက်ကွဲမှု ၃ခုနဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ဒီဗွီဘီ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013