DVB Logo
Home
Lead Story
ရွေးကောက်ပွဲ ၂ နှစ်အလွန် ဘာတွေပြောင်းလဲခဲ့ပြီလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
November 15, 2017
ရွေးကောက်ပွဲ ၂ နှစ်အလွန် ဘာတွေပြောင်းလဲခဲ့ပြီလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB



ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဘာတွေပြောင်းလဲခဲ့ပြီလဲ၊ ဘာတွေ နောက်ထပ်ပြောင်းလဲဖို့ လိုသေးလဲ။ ကျန်တဲ့ ၃ နှစ်မှာရော ဘာတွေ ဆက်လက် ပြောင်းလဲလုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နဲ့ The Myanmar Quarterly အယ်ဒီတာ ကိုနေထွန်းနိုင်တို့ကို ဖိတ်ခေါ်ထားပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာ့ကိုပဲ စမေးပါမယ်။ ပြောင်းလဲချိန်တန်ပြီပေါ့နော်။ အဲဒီကြွေးကြော်သံနဲ့ ဝင်ခဲ့တယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်း ၁၃ ခု ရှိပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့နော်။ အန်အယ်လ်ဒီရဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေကို ကြော်ငြာပြီး ဝင်ခဲ့တယ်။ အဲဒီတော့ အခုသက်တမ်း ၂ နှစ်အတွင်းမှာ ဘာတွေများ အောင်မြင်ခဲ့ပြီလဲ၊ ဘာတွေလုပ်နိုင်ခဲ့ပြီလဲ။ အဲဒါကနေစပြီး ဆရာ့အနေနဲ့ သုံးသပ်ပေးပါဦးခင်ဗျ။”

ဦးခိုင်မောင်ရည် (ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“ဘာပဲပြောပြော ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့အစိုးရအဖြစ် ကျနော်တို့လည်း အတော်ကြီးကို မျှော်လင့်ခဲ့ပါတယ်။ ကျနော်တို့ကိုယ်၌ကလည်း အားပေးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ထင်သလောက်၊ မျှော်လင့်ထားသလောက် ခရီးရောက်မလာတာကို တွေ့ရတယ်။ စောစောက တိုင်းရင်းသားအရေးဆိုတဲ့ ကိစ္စမှာလည်း အန်စီအေ၊ လွန်ခဲ့တဲ့ ၂ နှစ်၊ ပြီးခဲ့တဲ့ လွှတ်တော် ၅ နှစ်တာကာလမှာ ကျနော်တို့ ကြုံခဲ့ရတဲ့ အခြေအနေနဲ့ အခုအခြေအနေ သိပ်ပြီးတော့  ထူးခြားတဲ့အခြေအနေ ဖြစ်မလာဘူးဆိုတာ တချက်ပေါ့။ တခြားမှာ မြင်နေရတဲ့ လက်ရှိ ပြည်သူတွေရဲ့ အခြေအနေ၊ ဒါဟာ ပြည်သူတွေကတော့ တရားဥပဒေစိုးမိုးမှု၊ တရားဥပဒေရဲ့ အကာအကွယ်အောက်မှာ လုံခြုံအေးချမ်းတဲ့ဘဝကို လိုချင်ကြတယ်။ အဲဒီလုံခြုံအေးချမ်းတဲ့ဘဝကို ပြည်သူတွေ ရကြပြီလား။ အဲဒီအခြေအနေကလည်း ဒုံရင်းဒုံရင်းပဲ ရှိနေသေးတယ်။ ကုန်ဈေးနှုန်းအောက်မှာလည်း ပိနေတယ်။ နောက် တောင်သူလယ်သမား လယ်ယာမြေပြဿနာတွေ အခုထက်ထိ တိတိကျကျ မရှင်းနိုင်တာ တွေ့ရတယ်။ အလုပ်သမားမှာလည်း အနိမ့်ဆုံး လုပ်ခလစာကိစ္စက အခုထက်ထိကို အဆုံးမသတ်နိုင်ဘူး။ အဲဒီတော့ အလုပ်သမားတွေ ဆန္ဒပြနေတယ်။ အစိုးရက ဝင်ပါပြီး ဖြေရှင်းတယ်ဆိုတာထက် ရှင်းရမယ့်ပြဿနာကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့ အနေအထား မရောက်သေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာခိုင်မောင်ရည်ကတော့ အရပ်သားအစိုးရတရပ်တော့ ပေါ်လာတယ်ပေါ့နော်။ ဒါပေမယ့် ကတိပေးထားတဲ့ တရားဥပဒေစိုးမိုးရေးတို့၊ အလုပ်သမား၊ လယ်သမားကိစ္စတွေ၊ နောက် အရေးအကြီးဆုံး ငြိမ်းချမ်းရေးကိစ္စတွေကို သိပ်ပြီးတိုးတက်တာ မတွေ့သေးဘူးလို့ ပြောပါတယ်။ ကိုနေထွန်းနိုင်ရော ပြောင်းလဲချိန်တန်ပြီ။ ဘာတွေ အဓိက ပြောင်းလဲခဲ့တယ်။ ဘာတွေလုပ်ဖို့ ကျန်နေသေးလဲ ဖြည့်စွက်ဆွေးနွေးပေးပါဦ။”

ကိုနေထွန်းနိုင် (အယ်ဒီတာ၊ The Myanmar Quarterly)

“ကြွေးကြော်သံကတော့ ပုံမှန်ပြောင်းတယ်။ ပထမတကြိမ်ကတော့ ပြောင်းလဲချိန်တန်ပြီ။ ဒုတိယတကြိမ်ကတော့ ပြည်သူနဲ့အတူပေါ့နော်။ ကျနော်တို့က အဓိက ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး ပြောတာထက်စာရင်တော့ ရွေးကောက်ပွဲ ကြေညာစာတမ်းကိုပဲ ပြန်ပြီးလုပ်သင့်တာပေါ့။ အဲဒီမှာ ၄ ချက်ပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နောက်တခုက တိုင်းရင်းသား ပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေး အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ထွန်းရေးပေါ့နော်။ ပြည်သူလူထုက တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်ရေး၊ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ အဲဒီထဲမှာ ၂၀၁၂ အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်တုန်းက ၃ ချက်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပါတယ်။ ငြိမ်းချမ်းရေးကိစ္စ ပါတယ်။ တရားဥပဒေ စိုးမိုးရေးကိစ္စ ပါတယ်။ အဲဒီတုန်းကတော့ လွှတ်တော်ထဲမှာ လူ ၄၀ ကျော်ပဲ ရောက်တဲ့အတွက် ထိရောက်တဲ့ဟာ မလုပ်နိုင်တဲ့အတွက်ကြောင့်မို့ ဒါကိုပဲ Modified လုပ်ပြီးတော့ ၂၀၁၅ မှာ ထပ်ပြင်တယ်ပေါ့။ အစိုးရတရပ်အနေနဲ့ ကြည့်မယ်ဆိုရင် နှစ်ပိုင်း ခွဲကြည့်လို့ ရတယ်ပေါ့။ နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းရယ်ပေါ့။ တဖက်မှာကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီးတော့မှ အစိုးရက ငြိမ်းချမ်းရေးကို လုပ်လိုက်တဲ့အချိန်မှာ စီးပွားရေးဟာ တော်တော်ကို သိသိသာသာ ခေါင်းမထောင်လာနိုင်တဲ့ အနေအထားမျိုး အခုလက်ရှိမှာ ရင်ဆိုင်နေရတယ်ပေါ့နော်။ စီးပွားရေးပိုင်းမှာ ပြဿနာက စီးပွားရေးလုပ်ငန်းရှင်ကြီး ခရိုနီ ဖွံ့ဖြိုးရေးမိတ်ဖက်တွေကတော့ အထိုက်အလျောက် ပြေလည်ကောင်း ပြေလည်လိမ့်မယ်။ ဒါပေမယ့် သာမန် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းရှင်တွေ၊ အခြေခံလူတန်းစားတွေ ပြဿနာပေါ့။ အဲဒီကနေတဆင့် ဖြစ်လာတဲ့ အကျိုးကျေးဇူးကတော့ အခြေခံလက်လုပ်လက်စား လူတန်းစားတွေ ဆင်းရဲကျပ်တည်းလာတယ်။ ကုန်ဈေးနှုန်းတွေ ဆက်ကြီးနေတုန်းပဲ။ ဒါကိုလည်း အန်အယ်လ်ဒီ အစိုးရဘက်က တာဝန်ရှိတဲ့သူတွေ လက်ခံထားပြီး ဖြစ်ပါတယ်။ အခုလောလောဆယ် အနေအထားကတော့ အစိုးရတရပ်အတွက် ၂ နှစ်ဆိုတာ Time Limit ရှိတာကိုး။ ၅ နှစ်ဆိုတဲ့ အချိန်အတိုင်းအတာမှာ ၂ နှစ်ဆိုတာက နောက် ၂ နှစ်ခွဲ၊ ၃ နှစ်ဆိုတာ လာတော့မယ်။ သေချာတယ်။ ၂၀၁၈ ကျရင်တော့ နောက်တကြိမ် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရမယ့်ကာလ ရောက်လာတော့မယ်ပေါ့။ အဲဒီကျရင် ဘာကိုလုပ်နိုင်ခဲ့ပြီလဲဆိုတာ လက်တွေ့ပြနိုင်တဲ့ အကောင်အထည်ကတော့ အခုအချိန်အထိ မရှိသေးဘူးလို့ ပြောရမှာပဲ။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013