DVB Logo
Home
မြန်မာသတင်း
သက်ငယ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် တရားမဝင် ကျွန်းခွဲခြမ်းများ ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
November 14, 2017
Donate to DVB

တိုက်ကြီးမြို့ ဗောဓိကုန်းရပ်ကွက်၊ နေခြည်စားသောက်ဆိုင် အနောက်ဘက်လမ်းကြားမှာ သက်ငယ်တွေနဲ့ ဖုံးအုပ်တင်ဆောင်ထားတဲ့ TEအမျိုးအစားကားပေါ်မှာ တရားမဝင်ကျွန်း ခွဲသားတွေနဲ့ ကျွန်းခွဲခြမ်း ၂ တန်ကျော် မနေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။

တိုက်ကြီးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးစိုးမင်းသူက“ညဘက်ကတည်းက သတင်းကြားလို့ စောင့်ဖမ်းနေတာပါ။ ဒါပေမယ့် မတွေ့ဘူး။ နောက်နေ့မနက်ပိုင်း သစ်တောဝန်ထမ်းတွေကို မိမိအပိုင်ထဲ လှည့်ပြီး ရှာဖွေတော့မှ မိတာပါ။ ကားပေါ်မှာ သက်ငယ်တွေ တင်ထားတော့ မထင်ဘူးလေ။ မသင်္ကာလို့ ရှာကြည့်တော့မှ အောက်မှာ သစ်တွေ တွေ့တာ။” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကားပေါ်မှာ ဖမ်းဆီးရမိတဲ့ ကျွန်းခွဲသား ၇၉ ချောင်း၊ ကျွန်းခွဲခြမ်းက ၁၁ ခြမ်း၊ စုစုပေါင်း ၂ ဒသမ ၁၇၅၈ တန်ရှိပါတယ်။

သစ်တင်တဲ့ TE အမျိုးအစားယာဉ်ရဲ့ လိုင်စင်အမှန် ပေါ်ပေါက်ရေးအတွက် ကား အင်ဂျင်နံပါတ်ကို ခဲခြစ်ပြီး အင်းစိန် က.ည.န ရုံးကို ပို့ထားပါတယ်။  ပိုင်ရှင်အမှန်ပေါ်ရင်တော့ ဥပဒေအရ တရားစွဲသွားမယ်လို့ ဆိုပါတယ်။

ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ သစ်တောဝန်ထမ်းတဦးက  “လမ်းပေါ်မှာ ပြေးနေတဲ့ ကားတွေကို ဖမ်းတဲ့နေရာမှာ သစ်ခိုးကားတွေက အဓိက လိုင်စင်မရှိတာပေါ့။ လိုင်စင်ရှိလို့ ကားမိတယ်ဆို ဒီကားရဲ့လိုင်စင်ကို စစ်ဆေးရင် ပိုင်ရှင် ဘယ်သူလဲဆိုတာ သိမှာလေ။ ဒါဆို ကားပိုင်ရှင်ကို တရားစွဲလို့ ရတာပေါ့။ အခုက ကားက လိုင်စင်မရှိဘူး။ မောင်းတဲ့သူတွေကလည်း သစ်တောက လိုက်ဖမ်းရင် မောင်းပြေးတယ်။ မလွတ်ဘူးထင်ရင် ကားကိုထားခဲ့ပြီး လူက အလွတ်ထွက်ပြေးတယ်။ ကားကို စစ်ဆေးတော့ ကားပေါ်မှာ ဘာသဲလွန်စမှ မကျန်အောင် သူတို့က အကွက်ကျကျ လုပ်ထားတာ။ အဲဒီတော့ ပိုင်ရှင်မမိဘဲ ပိုင်ရှင်မဲ့ ဖမ်းမိတာတွေ ဖြစ်တာပေါ့။ အဓိကပြောချင်တာက ကားတွေသာ လိုင်စင်အစစ်အမှန်ရှိတယ်ဆို ဖမ်းဆီးတဲ့နေရာမှာ ပိုင်ရှင်အမှန် ပေါ်လာမှာပါ” လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ်မှာ တရားမဝင်သစ် ဖမ်းဆီးတာတွေကို နယ်မြေအလိုက်ရော ကားလမ်းတွေပေါ်မှာပါ သစ်တော၊ သစ်တောရဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး နိုဝင်ဘာလထဲမှာ နှစ်ကြိမ် ဖမ်းဆီးရမိခဲ့ပါတယ်။

တကြိမ်က ပိုင်ရှင်တွေပါ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိတဲ့သူတွေကို တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက သစ်တောဥပဒေပုဒ်မ ၄၃(က) နဲ့အရေးယူထားပြီး ဖမ်းဆီးရမိတဲ့ ယာဉ်ကိုတော့ သစ်တောထွက်ပစ္စည်းတွေကို တရားမဝင် သယ်ဆောင်ရာမှာ အသုံးပြုတဲ့ ယာဉ်ဥပဒေပုဒ်မ ၄၇(ခ) နဲ့ အရေးယူထားပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013