မန္တလေးမြို့ ခုတင် ၃၀၀ ဆံ့ ကလေးဆေးရုံကြီးမှာ ငွေကြေးအခက်အခဲရှိတဲ့ ကျောက်ကပ် ဝေဒနာရှင် ကလေးငယ်တွေအတွက် မန္တလေး သင်္ဂဟဖောင်ဒေးရှင်းက အလှူငွေတွေနဲ့အတူ ကျောက်ကပ်ဆေးစက် ပေးအပ်လှူဒါန်းခဲ့ပါတယ်။
သင်္ဂဟဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က မန္တလေး ကလေးကျောက်ကပ်ဖောင်ဒေးရှင်း ထူထောင်နိုင်ဖို့ မတည်ငွေ သိန်း ၅ ထောင်နဲ့ ကျောက်ကပ်ဆေးစက် တန်ဖိုးငွေ ကျပ်သိန်း ၈၀၀၊ စုစုပေါင်း ကျပ်သိန်း ၅၈၀၀ ကို လှူဒါန်းရာ မန္တလေးတိုင်း ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ဒီအခမ်းအနားကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် ဂေါက်ကွင်းမှာ ကျင်းပရာမှာ မန္တလေးတိုင်း အစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ မန္တလေးတိုင်း လွှတ်တော်ဒုဥက္ကဋ္ဌ မန္တလေး ခုတင် ၃၀၀ ဆံ့ ကလေးဆေးရုံ ကလေးကျန်းမာပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်အေးအေးမြင့်နဲ့ ဆရာဝန်ကြီးများ၊ စေတနာရှင် အလှူရှင် ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။











