DVB Logo
Home
ကျန်းမာရေး
ကိုယ်ဝန်ဆောင်တွေကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံမပေးရပါ - ဒေါက်တာထားထားလင်း
DVB
·
November 14, 2017
ကိုယ်ဝန်ဆောင်တွေကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံမပေးရပါ - ဒေါက်တာထားထားလင်း
Donate to DVB

မကြာခင်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတော့မှာပါ။ ဒီရောဂါဟာ ဘယ်လောက် ပြင်းထန်သလဲ၊ ဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲ စတဲ့ အကြောင်းအရာတွေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း၊ စီမံချက်မန်နေဂျာ၊ ဒု-ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး - ပထမဆုံးအနေနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်းကို အရင်ရှင်းပြပေးပါလား။

ဖြေ - “အသက်အရွယ်မရွေး ဖြစ်ပွားတတ်သော်လည်း အဓိကအားဖြင့် ကလေးတွေမှာ ဖြစ်ပွားတတ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လူနာ ၉၀ ရာခိုင်နှုန်းက အသက် ၁၅ နှစ်အောက် ဖြစ်ပါတယ်။ ဂျပန်ဦးနှောက်ရောင် ဗိုင်းရပ်စ်ပိုး အများဆုံးတွေ့ရတဲ့ အရှေ့နဲ့ အရှေ့တောင်အာရှဒေသ နိုင်ငံတွေက ကျေးလက်ဒေသတွေနဲ့ စိုက်ပျိုးမွေးမြူရေး နေရာတွေမှာ နေထိုင်တဲ့လူတွေဟာ ကူးစက်နိုင်မှု ပိုမိုမြင့်မားပါတယ်။ ဒေသမရွေး ဖြစ်တတ်ပြီး မြို့ပေါ်မှာနေတဲ့ ကလေးတွေမှာ ဖြစ်ပွားလာတာ တွေ့ရပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါ (JE) ဗိုင်းရပ်စ်ပိုး သယ်ဆောင်တဲ့ ကျူးလက်စ် (Culex) အမျိုးအစား ခြင်ကတဆင့် ကူးတယ်။”

မေး - မြန်မာနိုင်ငံမှာ ဒီရောဂါ ဘယ်တုန်းက ဘယ်လောက် ဖြစ်ခဲ့ဖူးလဲ။ လက်ရှိမှာရော ဘယ်နေရာတွေမှာ ဘယ်လောက် ဖြစ်နေပါလဲ။

ဖြေ - “ဒီရောဂါက မြန်မာနိုင်ငံမှာ ကပ်ရောဂါအသွင်နဲ့ ရှိနေခဲ့ပြီး နှစ်စဉ် ဖြစ်ပွားမှုနှုန်း မြင့်တက်နေပါတယ်။ ၂၀၁၆ ခုနှစ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်း၊ ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်တို့မှာ အများဆုံးဖြစ်ပွားခဲ့ပါတယ်။ အခုအခါ တိုင်းဒေသကြီးနဲ့ ပြည်နယ် အားလုံးမှာ ရောဂါဖြစ်ပွားလာတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် စာရင်းအရ လူနာ ၃၉၃ ယောက်မှာ ဖြစ်ခဲ့ပါတယ်။”

မေး - ရောဂါရဲ့ ပြင်းထန်မှုက ဘယ်လောက်ရှိလဲ၊ လက္ခဏာတွေက ဘာတွေလဲ။

ဖြေ - “ရုတ်တရက် အပြင်းဖျား၊ ချမ်းတုန်၊ ခေါင်းကိုက်၊ မောပန်းနွမ်းနယ်တာ၊ ပျို့တာနဲ့ အော့အန်တာတွေ ခံစားရမယ်။ ရောဂါအခြေအနေ ဆိုးရွားတဲ့အခါ စိတ်ရှုပ်ထွေး တွေဝေတာ၊ တက်တာ၊ အကြောဆွဲတာတွေ ဖြစ်ပြီး တချို့လူနာတွေကတော့ သတိလစ် မေ့မြောတာနဲ့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားသူ ၂၅၀ မှာ ၁ ယောက်လောက်ပဲ ပြင်းထန်တဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကတော့ ၂၀ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းလောက်အထိ မြင့်မားပါတယ်။ အသက်ရှင်ကျန်သူတွေထဲက ၃၀ ရာခိုင်နှုန်းလောက်ဟာ ဦးနှောက်နဲ့ အာရုံကြောတွေ ထိခိုက်ပြီး ကိုယ်လက်မသန်စွမ်းတာ၊ နားလေးတာ၊ စကားမပြောနိုင်တာ စတဲ့ အသိဉာဏ်၊ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူဆိုင်ရာတို့ ချွတ်ယွင်းကျန်တတ်ပါတယ်။”

မေး - ရောဂါကာကွယ်ဆေးက ဘယ်လိုလူတွေ ထိုးဖို့ လိုအပ်မလဲ။

ဖြေ - “၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကနေစပြီး လစဉ် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ အသက် ၉ လအရွယ် ကလေးတိုင်းကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို စတင်ထိုးပေးပါမယ်။ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးနဲ့အတူ တချိန်တည်း ထိုးပေးသွားမှာပါ။ အဲဒီလို ပုံမှန်စမထိုးမီ အသက်  ၉ လထက် ကြီးနှင့်မယ့် အသက်အုပ်စုဖြစ်ပြီး ရောဂါဖြစ်ပွားတဲ့လူ  ၉၀ ရာခိုင်နှုန်းလည်း ဖြစ်တဲ့ အသက်  ၉ လမှ ၁၅ နှစ်အရွယ် ကလေးလူငယ်တွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တယောက်မကျန် ထိုးနှံသွားမှာပါ။”

မေး - ကာကွယ်ဆေးကို ဘယ်နေရာတွေမှာ ထိုးလို့ရမလဲ။

ဖြေ - “ကျောင်းအခြေပြုနဲ့ လူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ် ၂ ခု ရှိပါတယ်။ ကျောင်းအခြေပြု အစီအစဉ်ကို အစိုးရ၊ ပုဂ္ဂလိကနဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး အသက် ၅ နှစ်က ၁၅ နှစ်အောက် ကျောင်းသူ၊ ကျောင်းသားတွေကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်ကနေ ၂၃ ရက်နေ့အထိ ထိုးနှံပေးသွားမှာပါ။ ကျောင်းပြင်ပ ကလေးတွေနဲ့ ကျောင်းအခြေပြု အစီအစဉ်မှာ မထိုးလိုက်ရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လူထုအခြေပြု အစီအစဉ်ဖြစ်တဲ့ ဒီဇင်ဘာလ ၁၁ ရက်က ၂၀ ရက်အထိ ထိုးနှံပေးသွားမှာပါ။ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှာရှိတဲ့ ကာကွယ်ဆေးထိုး စုရပ်တွေမှာ ထိုးနှံပေးသွားမှာပါ။ အသက် ၉ လကနေ အသက် ၅ နှစ်အောက် ကလေးတွေ၊ ကျောင်းပြင်ပ ကလေးတွေနဲ့ ကျောင်းအခြေပြု အစီအစဉ်မှာ မထိုးလိုက်ရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်ကနေ ၂၀ ရက်နေ့အတွင်းမှာ ထိုးနှံပေးသွားပါမယ်။ နေ့စဉ် မနက် ၈ နာရီကနေ ညနေ ၄ နာရီအတွင်း ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဆေးထိုးတဲ့နေ့တွေမှာ နီးစပ်ရာ စုရပ်တွေမှာ သွားထိုးနိုင်ပါတယ်။”

မေး - ကာကွယ်ဆေးကို ဘယ်နှကြိမ်လောက် ထိုးဖို့ လိုအပ်မလဲ။

ဖြေ - “ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဘူးသည်ဖြစ်စေ ထပ်မံထိုးနှံနိုင်ပါတယ်။ ပထမအကြိမ် ထိုးထားတဲ့ဆေးနဲ့ အနည်းဆုံး တလခြားပြီးမှ ထိုးရပါတယ်။ ၃ ကြိမ်ထိုးဖို့တော့ မလိုပါဘူး။ အခုထိုးမယ့်ဆေးကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တကြိမ်ထိုးနှံရုံနဲ့ လုံလောက်တယ်လို့ ဆိုထားတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။”

မေး - ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါသလား။

ဖြေ - “ဘေးထွက်ဆိုးကျိုးများတဲ့ ကာကွယ်ဆေးကို ကာကွယ်ဆေးအဖြစ် သုံးလို့မရပါဘူး။ အခုကာကွယ်ဆေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရည်အသွေး အသိအမှတ်ပြုထားတဲ့ဆေး ဖြစ်ပါတယ်။ ဆေးထိုးထားတဲ့နေရာ နီရဲတာ၊ နာတာ၊ ရောင်တာ၊ ကလေးအီတာ၊ နည်းနည်းဖျားတာ၊ ပျို့အန်မူးဝေတာ စတဲ့ မပြင်းထန်တဲ့ တုံ့ပြန်မှုတွေလောက်ပဲ ဖြစ်နိုင်ပါတယ်။ ၁ ရက် ၂ ရက်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားလေ့ ရှိပါတယ်။ မပျောက်ကင်းဘူးဆိုရင် ကလေးမှာ တခြားရောဂါတခုခု ဖြစ်နေတာ ဖြစ်နိုင်လို့ နီးစပ်ရာ ကျန်းမာရေးဌာနကို သွားပြပါ။”

မေး - ရောဂါကာကွယ်ဆေးက ဘယ်လိုလူတွေထိုးဖို့ မသင့်ဘူးလဲ။

ဖြေ - “အခုအသုံးပြုမယ့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး (SA 14-14-2, Live JEV) ကို အရင်အကြိမ် ထိုးနှံခဲ့တုန်းက ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာ (ဒါမှမဟုတ်) ပြင်းထန်တဲ့ ဓာတ်မတည့်တာတွေ ဖြစ်ပွားခဲ့ရင် မထိုးနှံပေးရပါ။ ကာကွယ်ဆေးမှာ ပါဝင်တဲ့ ပစ္စည်းတမျိုးမျိုး (ဥပမာ-Gelatin, Gentamycin, Sucrose, Human Serum Albumin and Carbamide) နဲ့ ပြင်းထန်တဲ့ ဓာတ်မတည့်တာ ဖြစ်ဖူးသူတွေကို မထိုးပေးရပါ။ ကိုယ်ဝန်ဆောင်တွေကိုလည်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံမပေးရပါ။”

“ကာကွယ်ဆေးထိုးဖို့ ယာယီရွှေ့ဆိုင်းသင့်တဲ့ ကလေးတွေကတော့ လတ်တလော ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ကလေးတွေ၊ တီဘီရောဂါအတွက် ဆေးသောက်နေဆဲ ၂ လ မကျော်သူတွေ၊ နားအလယ်ခန်း ရောင်ရမ်းတဲ့ ဝေဒနာ ခံစားနေရတဲ့ ကလေးတွေ၊ Prednisolone သို့မဟုတ် Hydrocortisone Steriods ဆေးတွေကို ရေရှည်သောက်သုံး၊ ထိုးနှံနေရတဲ့ ကလေးတွေ၊ မွေးရာပါ (ဒါမှမဟုတ်) ရောဂါကြောင့် (ဒါမှမဟုတ်) ဆေးဝါးကြောင့် ခုခံအားစနစ် ကျဆင်းနေသူတွေ၊ AIDS ရောဂါလက္ခဏာတွေ ပေါ်ပေါက်တဲ့အထိ ခံစားနေရသူတွေ၊ ကုသမှုခံယူပြီး ဆေးသောက်နေပေမယ့် အတက်ရောဂါ မကြာခဏ ဖြစ်နေသူတွေကို ရက်ရွှေ့ဆိုင်းပြီးမှ ဆရာဝန်ရဲ့ အကြံပြုချက်နဲ့ ထိုးနှံပေးသင့်ပါတယ်။ ဒါပေမယ့် အလွယ်တကူ ရွှေ့ဆိုင်းဖို့ မဆုံးဖြတ်သင့်ပါဘူး။ ကလေးကို အလွယ်တကူ အခွင့်အရေး မဆုံးရှုံးစေချင်တဲ့အတွက် ကြိုတင်တိုင်ပင်သင့်ပါတယ်။”

မေး - ဓာတ်မတည့်ဘူး ဆိုတာကို ဘယ်လို ကြိုသိနိုင်မလဲ။

ဖြေ - “ကလေးဟာ ဓာတ်ပစ္စည်းတခုခုနဲ့ ပြင်းထန်စွာ ဓာတ်မတည့်တာဖြစ်ဖူးရင် အခြားတခုခုနဲ့ ဓာတ်မတည့်တာမျိုး ရှိနိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်သင့်တာပါ။”

မေး - ဦးနှောက်ရောင်ရောဂါနဲ့ ပတ်သက်ပြီးတော့၊ ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ဖြည့်စွက် ပြောစရာတွေများ ရှိပါသေးသလား။

ဖြေ - “ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေဟာ ရည်မှန်းကလေး ၁၄ သန်းကျော်ကို တဦးမကျန် ထိုးနှံပေးဖို့ ကြိုးစားရာမှာ အခက်အခဲ အများကြီးရှိမှာ ဖြစ်ပါတယ်။ မိဘတွေက ကိုယ့်ကလေးကို ရောဂါကူးစက်ခံရမယ့်အချိန်ကို ထိုင်စောင့်နေမယ့်အစား တကြိမ်တည်းရမယ့် အခွင့်အရေးကို နီးစပ်ရာ စုရပ်တိုင်းမှာ အရယူကြဖို့ တိုက်တွန်းလိုပါတယ်။”

ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013