DVB Logo
Home
Lead Story
အထူးကုန်စည်ခွန်တံဆိပ်ခေါင်းများ စိစစ်အရေးယူမှုမှတဆင့် တရားမဝင်ကုန်သွယ်မှုပါ ထိန်းချုပ်နိုင်
DVB
·
November 14, 2017
အထူးကုန်စည်ခွန်တံဆိပ်ခေါင်းများ စိစစ်အရေးယူမှုမှတဆင့် တရားမဝင်ကုန်သွယ်မှုပါ ထိန်းချုပ်နိုင်
Donate to DVB

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းစာများတွင် အထူးကုန်စည်များအား ကျသင့်အခွန် ထမ်းဆောင်ထားသည့် အခွန်တံဆိပ်ခေါင်းများ ကပ်ထားခြင်းမရှိပါက အရေးယူသွားမည်ဟူသော သတင်းများစွာကို ဖတ်ရှုခဲ့ရသည်။ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရမည့် အထူးကုန်စည်များတွင် တံဆိပ်များ ပြည့်စုံစွာ ကပ်နှိပ်ရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ညွှန်ကြားချက်တရပ်ကို နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်ပါ ဖော်ပြချက်အရ အထူးကုန်စည်ဟု သတ်မှတ်သော အရက်၊ ဆေးလိပ်၊ ဝိုင်၊ စီးကရက်များတွင် အခွန်တံဆိပ်ခေါင်းများ ပြည့်စုံစွာ ကပ်နှိပ်ထားခြင်း မရှိပါက အခွန်မဆောင်ရသေးသော အထူးကုန်စည်အဖြစ် သတ်မှတ်ပြီး ယင်းကုန်စည်ကို လက်ဝယ်ထားရှိခြင်း၊ ရယူပိုင်ဆိုင်ခြင်းများအတွက် အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ (ဂ) အရ လက်ဝယ်ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း ပေးဆောင်ရမည့်အပြင် ယင်းကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည် ဖြစ်သည်။

ယင်းအထူးကုန်စည်များကို ထုတ်လုပ်ပြီး အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းမပြုဘဲ ရောင်းချဖြန့်ဖြူးခြင်း ပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိရပါက အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် ပျက်ကွက်ခြင်းအတွက် ပြည်တွင်း၌ထုတ်လုပ်သည့် အထူးကုန်စည်ထုတ်လုပ်သူက အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(စ) အရ တွေ့ရှိသည့် အထူးကုန်စည်တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည် ဖြစ်သည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၈ တွင် အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ရရှိပိုင်ဆိုင်ထားခြင်းအတွက် အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(ဂ) အရ တပ်ရိုက်ဒဏ်ငွေအဖြစ် ကောက်ခံရငွေ၏ ရာခိုင်နှုန်း ၂၀ ကို သတင်းပေး တင်ပြသူအားလည်းကောင်း၊ ရာခိုင်နှုန်း ၃၀ ကို ရှာဖွေဖမ်းဆီးသည့်အဖွဲ့အားလည်းကောင်း ဆုကြေးအဖြစ် ချီးမြှင့်မည်ဖြစ်ပြီး သတင်းပေးတင်ပြသူ မည်သူမည်ဝါဖြစ်ကြောင်းကို အစိုးရကိစ္စမှတပါး ဖော်ထုတ်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။

အခွန်အမှတ်တံဆိပ် ကပ်နှိပ်လျက်ရှိသည့် အထူးကုန်စည်များအနက် စီးကရက်၊ အရက်၊ ဝိုင်တို့မှာ ၂၀၁၅ ခုနှစ်မှ စတင်၍ ကပ်နှိပ်လျက်ရှိပြီး ဆေးပေါ့လိပ်များကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ ကပ်နှိပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ၏ ဆေးလိပ်သောက်နှုန်းကို လျှော့ချရန် အခွန်အခများ တိုးမြှင့်ပြီး သုံးစွဲနိုင်အားကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိရာ ယခု သတင်းထုတ်ပြန်ချက်သည် အဆိုပါ ကြိုးပမ်းမှုကို အရာထင်စေနိုင်မည့် (အထောက်အကူပြုနိုင်စေမည်) ဟု မျှော်လင့်ရသည်။ သို့သော် ထိရောက်စွာ ထိန်းချုပ်နိုင်ရန်၊ စိစစ်အရေးယူရန်မှာလည်း လွန်စွာ အရေးကြီးသည်။

လက်ရှိ ဆေးလိပ်ဈေးကွက်အတွင်း ပြည်တွင်း၌ တရားဝင် ထုတ်လုပ်ရောင်းချသော ဆေးလိပ်၊ စီးကရက်များနှင့်အတူ မြန်မာနိုင်ငံနှင့် နယ်နိမိတ်များ ဆက်စပ်လျက်ရှိသည့် နယ်စပ်များမှတဆင့် လည်းကောင်း၊ အခြားသော ဝင်ပေါက်များမှတဆင့် လည်းကောင်း၊  တရားမဝင် မှောင်ခိုဝင်ရောက်လာသည့် ဆေးလိပ်များ အများအပြား ရောနှောရောင်းချလျက် ရှိသည်ကို ပေါ်ပေါ်ထင်ထင် တွေ့နေရပါသည်။ သုံးစွဲသူများအနေဖြင့်လည်း လွယ်လွယ်ကူကူ ဝယ်ယူရရှိနေပါသည်။

သို့ဖြစ်ရာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုနှုန်းကို လျှော့ချထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ဆေးလိပ်၊ စီးကရက် တရားမဝင်ကုန်သွယ်မှုကို တားဆီးရန် အလွန်အရေးကြီးကြောင်း ဆေးပညာရှင်များက သုံးသပ်ပြောကြားသည်။ “တရားမဝင် ကုန်သွယ်မှုတွေကို တားမြစ်မယ်ဆိုရင် သောက်နှုန်း လျော့သွားမယ်၊ တရားမဝင်သွင်းလာရင် ဈေးလျှော့ရောင်းတယ်။ ပြည်သူတွေက ပိုသောက်တယ်။ ဒါကြောင့် တားမြစ်မယ်ဆိုရင် ဈေးနှုန်းမြင့်လာမယ်။ သုံးစွဲမှု နည်းသွားမယ်” ဟုလည်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေစိုးမောင်က ၂၀၁၅ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

ဈေးကွက်တွင်း တရားမဝင် စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်နှင့် ကွမ်းစားဆေးများကို ခွဲခြားရာတွင် စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်နှင့် ကွမ်းစားဆေးများနှင့် ဆေးရွက်ကြီးထုတ်ကုန်တိုင်းတွင် ကျန်းမာရေးသတိပေးပုံများ ပါရှိရမည်ဖြစ်သည်။ ကျန်းမာရေး သတိပေးစာသားများကိုလည်း မြန်မာဘာသာဖြင့် ရိုက်နှိပ်ထားရမည် ဖြစ်ပါသည်။ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်နှင့် ကွမ်းစားဆေးများကို အထူးကုန်စည်အဖြစ် သတ်မှတ်ပြီး အထူးကုန်စည်ခွန်ကို ပေးဆောင်ရုံသာမက ၎င်းတို့၏ ထုပ်ပိုးမှုဘူးခွံများပေါ်တွင် အခွန်ပေးဆောင်ပြီးကြောင်း အသိအမှတ်ပြုသည့် အခွန်တံဆိပ်ခေါင်းများကို ကပ်နှိပ်ပြီး ပလတ်စတစ် အကြည်ပတ်ဖြင့် ပြန်လည်ထုပ်ပိုးထားပြီးမှသာ ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းချရသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာန IRD မှ သတ်မှတ်ထားသော မှန်ကန်သည့် အခွန်သတ်မှတ်မှုများကို သက်ဆိုင်ရာ စီးကရက်၊ ဆေးပေါ့လိပ် အမျိုးအစားအလိုက် ထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။ ထိုအချက်များ မှန်ကန်ပြည့်စုံပါမှ ဈေးကွက်တွင်း ရောင်းချနေသော တရားဝင်နှင့် တရားမဝင် ဆေးရွက်ကြီးထွက်ကုန်များကို ခွဲခြားနိုင်မည်ဖြစ်သည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ကုန်ပစ္စည်းများ တရားမဝင် မှောင်ခိုရောင်းဝယ်ခြင်း၏ ထိခိုက်မှုသည် အခြားရာဇဝတ်မှုများကဲ့သို့ ချက်ချင်းလက်ငင်း တိုက်ရိုက်မသိရှိနိုင်သော်လည်း ၎င်း၏ အကျိုးဆက်များကား အမှန်တကယ်ပင် ရှိနေပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင်လည်း တရားမဝင် မှောင်ခိုနည်းလမ်းများဖြင့် ဈေးကွက်အတွင်းသို့ အခွန်မဆောင်ဘဲ ရောက်ရှိလာကြသော ဆေးလိပ် ဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် နိုင်ငံတော်အစိုးရသည် ရသင့်သည့် အခွန်အရပ်ရပ်များစွာ ဆုံးရှုံးလျက်ရှိပါသည်။ ထို့ပြင် တရားဝင် အခွန်ဆောင် လုပ်ကိုင်သော လုပ်ငန်းများအနေဖြင့်လည်း နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေသည်။ များသောအားဖြင့် မြန်မာနိုင်ငံတွင် သတိပေးကြေညာချက်များစွာ ထုတ်ပြန်ကြေညာသော်လည်း ထိရောက်စွာ အရေးယူမှု၊ စီမံချက်ဖြင့် ရေရှည်စီမံခန့်ခွဲနိုင်မှု စသည်တို့ အားနည်းသေးသဖြင့် စနစ်တကျ ထိထိရောက်ရောက် လုပ်ဆောင်မှသာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ကုန်များ သုံးစွဲမှုနှုန်း လျော့ကျမည် ဖြစ်သကဲ့သို့ တရားမဝင် ဆေးရွက်ကြီးထုတ်ကုန်များလည်း လျော့နည်းပပျောက်နိုင်မည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုဟုဆိုရာတွင် စီးကရက်အပြင် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ပွတ်ချွန်း သောက်သုံးမှုနှင့် ဝါးပြောင်းဖြင့် ရှူခြင်းများလည်း ပါဝင်သည်။  ဆေးရွက်ကြီး သို့မဟုတ် ဆေးပြင်းလိပ်ကို ကိုက်ဖဲ့၍ ငုံသည့် အကျင့်ဓလေ့ကိုလည်း တွေ့ရသည်။ ပွတ်ချွန်းသောက်ခြင်းသည် အိမ်နီးချင်းနိုင်ငံတခုမှ ကူးစက်လာသည့် ဓလေ့တခုဖြစ်ပြီး အနေတော်ဖြတ်ထားသည့် သတင်းစာ စာရွက် သို့မဟုတ် စက္ကူရွက်အတွင်းသို့ ဆေးမှုန့်ထည့်ကာ လက်ဖြင့် ကတော့ပုံသဏ္ဌာန် လိပ်ထားသည့် ဆေးလိပ်ဖြစ်သည်။ စက္ကူရွက်အစား ဖက်ကို အသုံးပြုသည်ကိုလည်း တွေ့နိုင်ပြီး ၎င်းဖက်လိပ်ပွတ်ချွန်းကို (ဘီဒီ) ဟုခေါ်ကြောင်း သိရသည်။ စက္ကူပွတ်ချွန်းကို ကျေးလက်တောနယ်၊ အစွန်အဖျားဒေသများတွင် အသုံးများပြီး ဘီဒီပွတ်ချွန်းကို မြို့ကြီးများတွင် ဝယ်ယူရရှိနိုင်သည်။

ဆေးပေါ့လိပ်ကိုမူ အသေးစားနှင့် အလတ်စား လုပ်ငန်းများအဖြစ် ခရိုင်မြို့ကြီးများတွင် အများဆုံး လုပ်ကိုင်ကြလေ့ရှိပြီး ဆေးပေါ့လိပ်ကို အခြေခံလူတန်းစား အများအပြားနှင့် နယ်မြို့များ၊ ကျေးလက်ဒေသများတွင် စီးကရက်ထက် ပိုမိုနှစ်ခြိုက်စွာ သောက်သုံးနေကြကြောင်းကို တွေ့မြင်နေရသည်။ စီးကရက်တလိပ်လျှင် အနည်းဆုံး ငွေ ၁၀၀ ကျပ်နီးပါး ပေးရသော်လည်း ဆေးပေါ့လိပ်တလိပ်လျှင် ငွေ ၅၀ နီးပါးသာ ပေးရသောကြောင့် ဆေးပေါ့လိပ်သောက်နှုန်းမှာ အခြေခံလူတန်းစားများအကြား များပြားခြင်းလည်း ဖြစ်ပေသည်။

ဈေးကွက်တွင်းတွင် ရောင်းချနေသော ဆေးပေါ့လိပ်အများစုမှာ ယခင်က အခွန်တံဆိပ်ခေါင်းများ ကပ်နှိပ်ထားခြင်း မရှိသလောက် နည်းပါးနေပြီး ယခု ကြေညာချက်ထုတ်ပြန်ချိန်မှစ၍ အထူးကုန်စည်ခွန် တံဆိပ်ခေါင်းများကို မဖြစ်မနေ ပြည့်စုံစွာ ကပ်နှိပ်ရမည်ဖြစ်သည်။ အခွန်တံဆိပ်ခေါင်း ကပ်ခြင်းမရှိသည့် လုပ်ငန်းများကို ဆေးပေါ့လိပ်တန်ဖိုး၏ ၂၅၀ ရာခိုင်နှုန်း ဒဏ်ရိုက်မည်ဖြစ်ကြောင်းနှင့် ဆေးပေါ့လိပ်များနှင့် သက်ဆိုင်သည့် အခွန်အမှတ်တံဆိပ် အမျိုးအစား ခြောက်မျိုးရှိရာ ဆေးပေါ့လိပ်ထုပ်များရှိ ဆေးလိပ်ပါဝင်မှု၊ ဆေးလိပ်တလိပ်ချင်းစီ၏ ဈေးနှုန်းများပေါ် မူတည်၍ အခွန်တံဆိပ်ခေါင်းများ ရောင်းချပေးကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

အချုပ်အားဖြင့်ဆိုရသော် အထူးကုန်စည်ခွန်များကို တံဆိပ်ခေါင်းများ သေချာပြည့်စုံစွာ ကပ်နှိပ်ခြင်း ရှိမရှိကို စနစ်တကျစစ်ဆေးခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခြင်းဖြင့် တဖက်တလမ်းမှလည်း တရားမဝင် ဝင်ရောက်နေသော ဆေးရွက်ကြီး ထွက်ကုန်များကိုလည်း ထိန်းချုပ်ရာရောက်သဖြင့် ထိရောက်စွာ လုပ်ဆောင်သင့်ပါကြောင်း ရေးသားအပ်ပါသည်။

နေခြည်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013