DVB Logo
Home
မြန်မာသတင်း
ပုဂံဒေသခံများ၏ လက်မှတ်ရေးထိုးတောင်းဆိုချက် အစိုးရလျစ်လျူရှု
DVB
·
November 14, 2017
ပုဂံဒေသခံများ၏ လက်မှတ်ရေးထိုးတောင်းဆိုချက် အစိုးရလျစ်လျူရှု
1 / 2
Donate to DVB

 

ပုဂံဒေသက ရှေးဟောင်း ဘုရားစေတီတွေ ထိန်းသိမ်းရေး အပါအဝင် မြေသိမ်း ယာသိမ်းကိစ္စတွေကို ဖြေရှင်းပေးဖို့ အစိုးရကို တင်ပြထားတာ တနှစ်ကြာရှိခဲ့ပေမယ့် အစိုးရက အကြောင်းမပြန်သလို ဆောင်ရွက်ပေးတာလည်း မရှိဘူးလို့ ဦးဆောင်တင်ပြခဲ့သူက ပြောပါတယ်။

ဒေသခံတွေနဲ့ ဧည့်လမ်းညွှန်တွေရဲ့ လက်မှတ် ၈ ထောင်ကျော်နဲ့ တောင်းဆိုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂံကိုရောက်လာတုန်းက ကိုယ်တိုင်သွားရောက်ပေးခဲ့ပြီး ကိုယ်ရေး အရာရှိက အတိုင်ပင်ခံကို ပေးမယ်လို့ လက်ခံယူထားခဲ့တာလို့ Save Bagan အင်အားစုရဲ့ ဦးဆောင်သူ  ကိုစံထွေးအောင်က ဒီဗွီဘီကို ပြောပါတယ်။

ရှေးဟောင်းနယ်မြေ ပုဂံမှာ ပြုပြင်ပြောင်းလဲသင့်တဲ့ အချက် ၅ ခုကို သမ္မတနဲ့ သက်ဆိုင်ရာ ဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေကိုလည်း ပေးပို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ကိုစံထွေးအောင်က“ပထမအချက်ကတော့ ရှေးဟောင်းဘုရားတွေကို ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ၊ တခြားခြံဝန်းတွေက ခြံ၊ တံတိုင်းခတ်ထားတယ်။ အထဲမှာ ရောက်နေတယ်။ စုစုပေါင်းဆိုရင်တော့ ဘုရား စေတီ ပုထိုး အုတ်ကျောင်း ခြေတော်ရာ ၁၀၀ ဝန်းကျင်ပါ။ ဘယ် ဟိုတယ်၊ ခြံဝင်းထဲကရှေးဟောင်းအမွေအနှစ်ဖြစ်နေပါစေ ကမ္ဘာလှည့်ခရီးသွားတွေ၊ မြန်မာဘုရားဖူးတွေနဲ့  ဒေသခံပြည်သူတွေ လွတ်လပ်စွာဝင်ရောက်ဖူးမြှော် ကြည်ညို မှတ်တမ်းတင်နိုင်ခွင့်အတွက် တောင်းဆိုတာပါ။ တနည်းအားဖြင့် လူတွေဝင်ခွင့်မရတဲ့ ခြံဝင်းတွေထဲက ယဉ်ကျေးမှုအမွေအနှစ်တွေ ဘယ်လောက်ဖျက်ဆီးခံနေရပြီလဲ၊ ဘယ်လောက်ပျက်စီး ဆုံးရှုံးနေပြီလဲဆိုတာ အစိုးရသစ်ထံ မီးမောင်းထိုးတင်ပြတာပါ” လို့ ပြောပါတယ်။

ဟိုတယ်ဝင်းတွေရဲ့ ရေကူးကန်တွေ၊ စားသောက်တဲ့နေရာဝန်းကျင်တွေမှာ ရှေးဟောင်းဘုရားတွေ ရှိနေသလို တချို့အိမ်ခြံဝင်းတွေကိုတော့ အလွယ်တကူဝင်လို့ မရဘူးလို့ ပုဂံကို ရောက်ခဲ့သူတချို့က ပြောပါတယ်။

ဟိုတယ်တွေကို လုပ်ကိုင်ခွင့်ပေးထားပြီး ဒေသခံတွေရဲ့ တည်းခိုရိပ်သာတွေကိုတော့ ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်က ဆောက်လုပ်ခွင့် ပိတ်ပင်ခဲ့တာကိုလည်း သူတို့က ထောက်ပြတောင်းဆို ထားပါတယ်။

ပုဂံ ရှေးဟောင်းအမွေအနှစ်တွေ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရာမှာ ကျွမ်းကျင်ပညာရှင်

တွေကို ဦးဆောင်စေပြီး  ဒေသခံတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပွင့်ပွင့်လင်းလင်း သိခွင့်ရဖို့ ကိုလည်း တောင်းဆိုထားပါတယ်။

“စစ်အစိုးရလက်ထက်မှာ ဘုရားစေတီတွေကို ကန်ထရိုက်စနစ်နဲ့ ပညာရှင်မပါဘဲ သံလျက်ကိုင်တတ်ရုံ ပန်းရံဆရာတွေနဲ့ပြုပြင်ခဲ့ကြလို့ ၂၀၁၆ ငလျင်က သက်သေ ပြခဲ့ပါပြီ” လို့ ကိုစံထွေးအောင်က ပြောပါတယ်။

မကြာသေးခင်ကပဲ ပုဂံက အာနန္ဒာဘုရား တောင်ဘက် အဝင်လမ်းမှာ ကွန်ကရစ်လမ်းခင်းခဲ့ပြီး ရှေးဟောင်းသုတေသနဌာနက တားမြစ်ခဲ့ရပါသေးတယ်။

ဒါ့အပြင် မြို့ပိုင် ပလပ်မြေတွေ၊ အများပိုင်မြေတွေနဲ့ ဒေသခံတွေရဲ့ မြေတွေကို သိမ်းဆည်းပြီး ဌာနဆိုင်ရာနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက လုပ်ကိုင်နေတာတွေကိုလည်း ဖြေရှင်းပေးဖို့ ပုဂံဒေသခံတွေက တောင်းဆိုထားပါတယ်။

ဒီတောင်းဆိုတာတွေကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ကိုလည်း ကိုယ်တိုင်သွားရောက်ပြီး ပေးခဲ့ရာမှာ  လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက “ဒါတွေက ပြည်ထောင်စုအဆင့်က လုပ်ကိုင်ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဧရာဝတီမြစ်ကမ်းမှာ ပေ သုံးလေးရာလောက် ရေကာကျောက်တန်းတွေ ပြုလုပ်ပြီး ဘန်ဂလိုတွေ၊ အရက်ဘားတွေ ဆောက်လုပ်တာကြောင့် ကမ်းတဘက်ခြမ်းမှာ ရေတိုက်စားတာတွ ရှိနေပြီး ဒါကို ဖြေရှင်းပေးဖို့ကိုလည်း ပုဂံဒေသခံတွေက တောင်းဆို ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013