DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ဓနိပင်များ ပြုန်းတီးလာ၊ ဓနိရည်ချို ရောင်းချသူများ အခက်တွေ့
DVB
·
November 14, 2017
Donate to DVB

ကုမ္ပဏီစီမံကိန်းတွေနဲ့ အိမ်ရာမြေ ဖော်ထုတ်ရေး စီမံကိန်းတွေ ဝင်ရောက်လာပြီးနောက် ဓနိပင်တွေ ပြုန်းတီးလာနေပြီး ဓနိရည်ချို ရောင်းချသူတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဓနိပင်တွေဟာ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်ခန့်က မြိတ်မြို့ အနီးအနားဝန်းကျင်ရှိ ရေငန် ရောက်ရှိတဲ့ ရွှံ့နွံ ဒေသအခေါ် ဇရပ်တောတွေမှာ အများဆုံး ပေါက်ရောက်ပြီး ဓနိရည်ချိုတွေကို ထုတ်ယူ ရောင်းချနေတာပါ။ အခုတော့ စီမံကိန်းတွေ နေရာယူ အစားထိုးလာပြီး ဓနိပင်တွေကို ခုတ်ထွင် ရှင်းလင်းတော့ ထွက်နှုန်းတွေ ကျဆင်းနေပြီး ရောင်းချသူတွေလည်း တဖြည်းဖြည်း နည်းပါးလာနေတယ်လို့ ဓနိရည်ချို ရောင်းချသူတွေက ပြောပါတယ်။

ဓနိတော အငှားလုပ်ကိုင်နေသူ ရှမ်းချောင်းကျေးရွာမှ ဒေါ်ဝင်းနီက “အခုဆိုရင် ဓနိတောမြေတွေမှာ သူဌေးတွေ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေက မြေယာတွေကို ဈေးကြီးပေးပြီး ဝယ်ယူလိုက်ကြတော့ အပင်တွေကို အကုန်ခုတ်ထွင်ရှင်းလင်းလိုက်တော့ တနှစ်ထက်တနှစ် အပင်တွေက ရှားပါးလာတယ်။ နှစ်စဉ် ဓနိအပင်တွေကို မှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေမှာ အခက်အခဲတွေ ဖြစ်လာတယ်။ ဓနိရည်ချိုထုတ်လုပ်တဲ့ ပိုင်ရှင်တွေက ဆိုင်တွေကို မသွင်းနိုင်တော့ဘူး။ ပုံမှန်ဖောက်သည်တွေကိုပဲ ဦးစားပေးရောင်းပေးပါတယ်။ အဲဒီတော့ ဒီရာသီမှာ ဓနိရည်ချို ရောင်းချနေတဲ့ အပြင်လူတွေကို မရောင်းပေးနိုင်တော့ ရွာတွေမှ ထွက်ရှိတဲ့ ဓနိရည်ချိုတွေကို အားကိုးပြီး ရောင်းချနေရတယ်”လို့ ပြောပါတယ်။

ဓနိပင်က ထွက်ရှိတဲ့ အရွက်ကို အိမ်အမိုးအကာနဲ့ ဓနိမိုးဖက်အဖြစ် အသုံးပြုနိုင်ပြီး အရည်ကို မြိတ်ဒေသအခေါ် ပအုန်းရည် (ရှာလကာရည်)၊ ဓနိရည်ချို၊ ဓနိရည်ခါးနဲ့ ဓနိသကြား အဖြစ် အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။

ဓနိရည်ချိုဟာ နှစ်စဉ် မိုးအကုန် ဆောင်းအကူးမှာ ထွက်ရှိပြီး၊ အောက်တိုဘာလမှ မတ်လအထိ ထွက်ရှိတယ်လို့ သိရပါတယ်။

ရှမ်းချောင်း ဓနိရည်ချိုဈေးတန်းမှ ဆိုင်ရှင် ဒေါ်သန်းဋ္ဌေးက “အခုဆိုရင် ဓနိရည်ချိုကို သီးခြား ဝယ်ယူ ရောင်းချနေတဲ့သူတွေမှာတော့ အခက်အခဲတွေ ဖြစ်နေတာပေါ့။ အစ်မတို့မှာက သူများ ဓနိတောကိုငှားပြီး တဆင့် ဓနိရည်ချို ထုတ်လှီးပြီး ရောင်းချနေတော့ အခက်အခဲ သိပ်မရှိပေမယ့် မြို့ပေါ်မှာ ဓနိတောတွေ ပြုန်းတီးလာပြီးနောက် ဝယ်ယူ ရောင်းချသူတွေမှာတော့ တောရွာတွေနဲ့ တခြားရွာတွေဘက်က လာရောက် ရောင်းချတဲ့ ဓနိရည်ချိုတွေကို မှာယူ ရောင်းချနေရတယ်” လို့ ပြောပါတယ်။

ဓနိရည်ချိုကို အခုနှစ်မှာ ထိုင်းနိုင်ငံထုတ် ဆီပုံး အဝါနဲ့ တပုံးကို ကျပ် ၄၅၀၀ မှ ၅၀၀၀ ကျပ်အထိ ပေါက်ဈေးရှိပြီး၊ ၂၀၁၄ ခုနှစ်က တပုံးကို ကျပ် ၂၅၀၀ မှ ၃၀၀၀ ကျပ်အထိသာ ရှိတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။

မြိတ်မြို့မှာ ဓနိရည်ချို ရောင်းချသူတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်က ဓလေ့တခုအဖြစ် ဓနိရည်ချို ဈေးတန်းအဖြစ် ဆိုင်ပေါင်း ရာနဲ့ချီ ရောင်းချလေ့ရှိပြီး၊ မြိတ်မြို့ ရှမ်းချောင်းကျေးရွာရှိ ဓနိရည်ချို ဈေးတန်းမှာ ညနေ ၅ နာရီမှ မနက်အထိ ရောင်းချနေပါတယ်။ လက်ရှိမှာတော့ လူငယ်တွေကြားမှာ မူးယစ်သောက်စား ရမ်းကားမှုတွေကြောင့် ပြဿနာတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ပြီး နေအိမ်ပိုင်ရှင်များမှ ဆက်လက် ရောင်းချခွင့်မပြုတာနဲ့ ဓနိတော ပြုန်းတီးလာပြီး အရည်ထွက်နှုန်းတွေ ကျဆင်းလာတာကြောင့် ဓနိရည်ချို ဈေးတန်းမှာ အရောင်းဆိုင် ၁၀ ဆိုင်ကျော်လောက်သာ ကျန်ပါတော့တယ်။

အလေ့ကျ ပေါက်ရောက်တဲ့ ဓနိပင် အများစုဟာ ရေငန်စပ်နဲ့ ရွှံ့နွံတွေ၊ ဒေသအခေါ် ဇရပ်တောတွေမှာ အများဆုံး ပေါက်ရောက်ပါတယ်။

ဓနိရည်ချိုဟာ သဘာဝထွက် အရည်တမျိုးဖြစ်ကာ အရသာမှာ ချိုမွှေးပြီး ကောက်ညှင်းပေါင်းနဲ့ တွဲဖက်စားသုံးပါက အလွန်အရသာရှိပြီး လူကြိုက်များတဲ့ အစားသောက်တခု ဖြစ်ပါတယ်။

သတင်း - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013