DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်အတွင်း တရားမဝင် ကျောက်စုပ်ယူသူများနှင့် မော်တော်များ ဖမ်းဆီး
DVB
·
November 13, 2017
Donate to DVB

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ဧရာဝတီမြစ်ထဲမှာ တရားမဝင် မြစ်သဲကျောက် စုပ်ယူနေတဲ့ မော်တော် ၇ စီး၊ ကျောက်စုပ်ယူရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ပိုင်ရှင် ၇ ဦးကို နိုဝင်ဘာ ၁၂ ရက်နေ့ မနက်က ဖမ်းဆီးလိုက်ပါတယ်။

အဖျောက်မြို့ အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းစိုး၊ အဖျောက်နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးခိုင်၊ မြို့မိမြို့ဖတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ အဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အဖျောက်မြို့ အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းစိုးက ဒီဗွီဘီကို ပြောပါတယ်။

“မြို့နယ်က အောက်တိုဘာ ၁၉ ရက်နေ့က ဒေသန္တရအမိန့်အမှတ် (၄/၂၀၁၇) အရ မြစ်ကမ်းဘေးမှာ ရပ်ထားတဲ့ မော်တော်တွေကို လိုက်စစ်ဆေးတော့ မော်တော်ပေါ်မှာ ကျောက်စုပ်တာမှာ အသုံးပြုတဲ့ ဘီးလူးခေါင်း တခုစီနဲ့ ကျောက်ချဆန်ခါ တပ်ဆင်ထားတဲ့ မော်တော် ၇ စီးကို စစ်ဆေးတွေ့ရှိပါတယ်။ ဒါကြောင့် မြို့နယ်က ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို မလိုက်နာတဲ့ မော်တော်ပိုင်ရှင် ၇ ဦးကို အဖျောက်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အမှုဖွင့် အရေးယူသွားမှာပါ” လို့ အဖျောက်မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဧရာဝတီမြစ်ထဲမှာ တရားမဝင် မြစ်သဲကျောက် စုပ်ယူတာတွေကြောင့် မြစ်အတွင်း ရေယာဉ် သွားလာမှုတွေမှာ အနှောင့်အယှက် ဖြစ်တာတွေ၊ မြစ်ကမ်းပါးဘေးရှိတဲ့ ကျေးရွာတွေမှာ မြစ်ကမ်းပါးပြိုလို့ အိမ်ထောင်စုတွေ ပြောင်းရွှေ့တာတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒါတွေကို ကာကွယ်တားဆီးဖို့ လွှတ်တော်မှာ ဆွေးနွေးတင်ပြတာတွေ၊ ရန်ကုန်တိုင်းဝန်ကြီးချူပ်ကလည်း ခေါ်ယူတွေ့ဆုံမှုတွေ ပြုလုပ်ပြီးနောက် အခုလို ဒေသန္တရအမိန့်ကို ထုတ်တာပါ။

ဒီအမိန့်မှာ ဧရာဝတီမြစ်ထဲ တရားမဝင် မြစ်သဲကျောက် စုပ်ယူတာ၊ မော်တော်ရေယာဉ်တွေပေါ် မြစ်သဲကျောက် စုပ်ယူရာမှာ အသုံးပြုတဲ့ပစ္စည်း တပ်ဆင်ထားတာတွေ၊ သတ်မှတ်လိုင်စင် စည်းကမ်းနဲ့ မညီတာတွေ မပြုလုပ်ကြဖို့နဲ့ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားဖို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စာရွက်ထုတ်ပေးပြီး မြို့ပေါ်မှာလည်း စာကပ်တာတွေ၊ အသံချဲ့စက်တွေနဲ့ လိုက်ခေါ်တာတွေကို လုပ်ဆောင်ခိုင်းထားပါတယ်။

“အခုက ကမ်းပါးတွေက ဆက်တိုက်ပြိုကျနေတော့ ကျေးရွာပြည်သူတွေလည်း ဒုက္ခရောက်တယ်။ ဒါကြောင့် ကျနော်တို့ မြို့နယ်ကတော့ တရားမဝင် မြစ်သဲကျောက် စုပ်ယူတာတွေကို မဖြစ်ပွားအောင် အရေးယူ ဆောင်ရွက်တာတွေ ဆက်လက်လုပ်သွားမှာပါ” လို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုဦးစီးအရာရှိ ဦးအောင်ကျော်က ပြောပါတယ်။

အဖျောက်မြို့မှာ ဧရာဝတီမြစ်အတွင်း တရားမဝင်မြစ်သဲကျောက် ထုတ်လုပ်တာတွေ၊ မြစ်ရေ တိုက်စားတာတွေကြောင့် ၂၀၁၅ ခုနှစ်က စတင်ပြီး ကျေးရွာ ၆ ရွာမှာ မြစ်ကမ်းပါးတွေ ပြိုကျခဲ့ပြီး အိမ်ထောင်စု ၅၀၀ လောက် ပြောင်းရွှေ့ခဲ့ရပါတယ်။

အခုအခါမှာ အေးရွာကျေးရွာ၊ ကြွေပုဂံချောင်းကျေးရွာ၊ ရေပေါ်သောင်ကျေးရွာတွေမှာ မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျနေပြီး ကျေးရွာပြည်သူတွေ နေစရာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန်ကိုယ်တိုင် ကွင်းဆင်းခဲ့ပြီး ကမ်းပြိုမိသားစုဝင်တွေရဲ့ နေစရာ အခက်အခဲအတွက် မြေနေရာ ပြန်လည်ချထားပေးဖို့ ညွှန်ကြားထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013