DVB Logo
Home
မြန်မာသတင်း
သတင်းသမား ၃ ဦးအား ငွေကျပ် ၂၂ သိန်းကျော် လိမ်လည်မှုဖြင့် အမှုဖွင့်
DVB
·
November 13, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းဒေသမှာ  တောင်သူတွေဆီက ငွေကျပ် ၂၂ သိန်းကျော် လိမ်လည်ရယူသွားမှုနဲ့ သတင်းမီဒီယာသမား ၃ ဦးကို နိုဝင်ဘာ ၁၂ ရက်ညက ကညွှတ်ကွင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ကညွှတ်ကွင်းဒေသ မြပဲခူးကျေးရွာနေ ဦးမောင်ညွန့် အပါအဝင် တောင်သူ ၁၆ ဦးကို လယ်လုပ်ကိုင်ခွင့် လယ်ယာမြေပိုင်ဆိုင်ခွင့်ပုံစံ ၇ ပြုလုပ်ပေးမယ်လို့ ယုံကြည်အောင် ပြောဆိုပြီး သတင်းထောက် ဦးဖြိုးကိုလင်း၊ ဦးလှသန်း၊ ဦးဝင်းညွန့်တို့ ၃ ဦးက ငွေ ၂၂ သိန်း ၃ သောင်း လိမ်လည်ရယူသွားခဲ့တာလို့ ကညွှတ်ကွင်း နယ်မြေစခန်းမှူး ရဲအုပ်စန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြပဲခူးကျေးရွာက တောင်သူတွေဆီကနေ ငွေ ၂၂ သိန်းကျော် လိမ်လည်ရယူသွားတယ်ဆိုပြီး ညက ဦးမောင်ညွန့် အပါအဝင် တောင်သူတချို့ အမှုလာဖွင့်ထားတာပါ။ ကျနော်တို့ ပုဒ်မ ၂ ခုနဲ့ ဖွင့်ထားပါတယ်။ လိမ်လည်သွားတယ်ဆိုတဲ့ သူတွေကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်”

တိုင်ကြားသူ ဦးမောင်ညွန့်က “ကျနော်တို့ရွာမှာ စားကျက်မြေကိစ္စနဲ့ မြေအငြင်းပွားမှု ဖြစ်နေတာပါ။ ကျနော်တို့ရွာကို အဲဒီသတင်းထောက် ၃ ဦး လာပြီး စာကျက်မြေကိစ္စကို သတင်းအသီးသီးထဲ ထည့်ပေးမယ်။ လယ်လုပ်ကိုင်ခွင့်ပုံစံ (၇) ရအောင် လုပ်ပေးမယ်ဆိုပြီး ငွေယူသွားတာပါ။ အခုချိန်ထိ ပုံစံ (၇) ရအောင် လုပ်ပေးမယ်ဆိုပြီး လုပ်ပေးတာ မရှိလို့ အခုလို လာရောက် အမှုဖွင့် တိုင်တန်းရတာ ဖြစ်တယ်”လို့  ပြောပါတယ်။

တိုင်ကြားခံရတဲ့ သတင်းထောက် ဦးဝင်းညွန့်ကတော့ တောင်သူတွေဆီက ငွေယူခဲ့တာ မရှိတဲ့အကြောင်းနဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး သိရှိခြင်းမရှိကြောင်းပြောပါတယ်။

 “အစ်ကို့အနေနဲ့ ပုံစံ (၇) ရရှိရေး လုပ်ပါမယ်ဆိုပြီး အာမလည်း မခံဘူး။ ပြောလည်း မပြောဘူး။ အစ်ကို လယ်သမားလည်း မဟုတ်တော့ ဒါတွေလည်း နားမလည်ဘူး။ အစ်ကို သွားထားတာက ရပ်ရွာအေးချမ်းသာယာရေး မှုခင်းတွေ မဖြစ်ပွားရေး ကိုလှသန်းနဲ့ သွားထားတာပဲ ရှိတယ်။ ပုံစံ (၇) ရရှိရေးက အစ်ကိုလည်း မလုပ်တတ်ဘူး။ လယ်သမားလည်း မဟုတ်ဘူး။ သိလည်း မသိဘူး။ ဖြိုးကိုလင်းနဲ့ သွားတဲ့အပေါ် အစ်ကို ဘာမှလည်း မပြောချင်ဘူး။ ဒါပေမယ့် သူတို့ပြောတဲ့ ငွေပမာဏတွေက မဟုတ်ဘူးကွ။ သူတို့ တိုင်ထားတဲ့ ငွေပမာဏတွေက အစ်ကို သိလည်း မသိဘူး။ အဲဒီငွေပမာဏ အစ်ကိုတို့ မယူဘူး။ ဖြိုးကိုလင်း ယူတာ မယူတာ အစ်ကိုလည်း မသိဘူး။ အစ်ကိုတို့က မှုခင်းမဖြစ်ပွားရေး သွားထားတာပဲ ရှိတယ်။ အဲဒီဖြိုးကိုလင်းနဲ့ နောက်ပိုင်း သူတို့ဘာသာ သူတို့ စကားပြော၊ သူတို့ဘာသာ ပုံစံ (၇) ရရှိရေး သွားတာလာတာ အစ်ကို မသိဘူးလေ။ အစ်ကိုတို့က မှုခင်းမဖြစ်ပွားရေး အကျိုးတော်ဆောင်လာတာပဲ ရှိတယ်”လို့ပြောပါတယ်။

ဖြိုးကိုလင်း၊ လှသန်းနဲ့ ဝင်းညွန့်တို့ ၃ ဦးကို ကညွှတ်ကွင်းနယ်မြေစခန်းမှ (ပ)၂၈၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၄၂၀ (မရိုးမဖြောင့်သော သဘောဖြင့် လိမ်လည်ရယူမှု)၊ ၁၁၄ (ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီမှု) အရ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013