
အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ မကြုံစဘူး စည်းလုံးညီညွတ်မှုနဲ့အတူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှာ ကျရောက်တဲ့ ၉၇ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထားတာဖြစ်ပြီး အခုအချိန်အခါမှာ တိုင်းရင်းသားပြည်သူတရပ်လုံး အနေနဲ့ စည်းလုံးညီညွတ်မှု စွမ်းအားကို အမြင့်ဆုံး မြှင့်တင်ရတော့မယ့်အချိန် ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပနေတယ်၊ ခိုင်မာတဲ့ရည်မှန်းချက်နဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု အကောင်အထည်ဖော် ဆောင်ရွက်နေရာမှာ တိုင်းရင်းသားပြည်သူ တရပ်လုံးက အမျိုးသားစည်းလုံးညီညွတ်မှု အင်အားနဲ့ ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။
ဗြိတိသျှကိုလိုနီအစိုးရရဲ့ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပထမကျောင်းသားသပိတ် စတင်ခဲ့တဲ့ ၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံတဝန်း အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွေ နှစ်စဉ်ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။











