DVB Logo
Home
မြန်မာသတင်း
ရွှေဘိုခရိုင်တွင် မိုးစပါးဟောင်းများ ယခင်နှစ်ထက် ဈေးနှုန်းစံချိန်တင်မြင့်တက်
DVB
·
November 12, 2017
ရွှေဘိုခရိုင်တွင် မိုးစပါးဟောင်းများ ယခင်နှစ်ထက် ဈေးနှုန်းစံချိန်တင်မြင့်တက်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်မှာ မိုးစပါးဟောင်းဈေးနှုန်းတွေ ယခင်နှစ်ကထက် အခုနှစ်မှာ စံချိန်တင် မြင့်တက်နေတယ်လို့ သိရပါတယ်။

တခြားတိုင်းဒေသကြီးတွေမှာ မိုးစပါးအသစ်ပေါ်ပြီဖြစ်တဲ့အတွက် စပါးဟောင်းတွေ ဈေးနှုန်းကျဆင်းနေပေမယ့် ရွှေဘိုခရိုင်မှာတော့ အသစ်မရိတ်သိမ်းရသေးတဲ့အချိန်မှာ စပါးဟောင်းသိုလှောင်မှုလက်ကျန် ပြတ်လပ်နေတဲ့အတွက် အခုလို ဈေးမြင့်တက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

“ဈေးမြောက်သွားရတဲ့အကြောင်းရင်းကတော့ ရွှေဘိုပေါ်ဆန်း(ဘေးကြား)က စားသုံးသူ များပါတယ်။ တင်ပို့မှုကလည်းများတော့ တောင်သူတွေလက်ထဲမှာ ပစ္စည်းလက်ကျန်က ပြတ်သွားတာ။ မနှစ်က ဒီလိုအချိန် တင်း ၁၀၀ ကို ၁၂ သိန်းခွဲ လောက်ရှိပေမယ့် ဒီနှစ်တော့ စပါးအရည်သွေးအလိုက် တင်း ၁၀၀ ကို ၁၅ သိန်းပတ်လည်လောက် အလုပ်ဖြစ်နေတယ်” လို့ ရွှေဘိုခရိုင် ရေဦးမြို့နယ်က ဆန်ကုန်သည် ဒေါ်ရည်ရည်က ပြောပါတယ်။

ရွှေဘိုခရိုင်မှာ မိုးစပါးအသစ်ကို နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလဆန်းပိုင်းလောက်မှာ ရိတ်သိမ်းလေ့ရှိတယ်လို့ သိရပြီး မရိတ်သိမ်းခင် အချိန်မှာ ဝယ်လိုအားကောင်းတာကြောင့် တောင်သူတွေအနေနဲ့ အခုလို လက်ကျန် သိုလှောင်မိုးစပါးဟောင်း ပြတ်လပ်မှုဖြစ်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဆန်ချောက မလာသေးဘူးလေ။ အဟောင်းကိုအဓိက ထားသုံးနေရတာကိုး။ မနှစ်ကထက် ဝယ်လိုအားက ကောင်းတယ်။ လက်ထဲမှာ ကုန်သည်သွင်းဖို့ ပစ္စည်းကလည်း ပြတ်နေတယ်။ စပါးအသစ်ပေါ်လာရင်တော့ ဈေးနှုန်းအပြောင်းလဲ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်” လို့ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးရွှေမောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းတွင် ရွှေဘိုဒေသဟာ စပါးအများဆုံးစိုက်ပျိုးတဲ့ ဒေသတစ်ခုဖြစ်ပြီး ၂၀၁၇- ၂၀၁၈ ခုနှစ်အတွင်းမှာ မိုးစပါးထွက်ရှိမှု စိုက်ဧကပေါင်း ၄၈၇၃၈၉ ဧက ရှိတယ်လို့လည်း သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013