DVB Logo
Home
မြန်မာသတင်း
မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို ဖွဲ့စည်း
DVB
·
November 12, 2017
မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို ဖွဲ့စည်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့က သနပ်ခါးအစုအဖွဲ့တွေ၊ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူတွေစုစည်းပြီး စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်ကာ နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက မြန်မာ့သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သနပ်ခါးကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်တို့မှာ စိုက်ပျိုးကြပါတယ်။ အများဆုံးစိုက်ပျိုးတာကတော့ စစ်ကိုင်းတိုင်းအတွင်းက အရာတော်မြို့နယ်ဖြစ်ပြီး တစ်မြို့နယ်လုံးနီးပါးစိုက်ပျိုးကာ ဧက ၄သောင်းထိရှိတယ်လို့သိရပါတယ်။

သနပ်ခါးကို တနိုင်ငံလုံးအတိုင်းအတာ စုစုပေါင်း ဧက ၁၀၀၇၄၃ ဧကရှိတယ်လို့ စားသုံးသူရေးရာဦးစီးဌာနက သတင်းတွေအရသိရပါတယ်။

ဒီနေ့ပြုလုပ်တဲ့ မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းခြင်းကို သနပ်ခါးစိုက်ပျိုးသူတွေ၊ သနပ်ခါးတင်ပို့ရောင်းချသူတွေ၊ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်နေတဲ့ ရွှေပြည်နန်း၊ ဒေါ်သီ၊ ရွှေဘိုမင်းသမီး၊ ရွှေစင် စတဲ့လုပ်ငန်းရှင်တွေ စုစုပေါင်း ၁၃၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

သနပ်ခါးကို မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကတည်းက အလှကုန်ပစ္စည်းအဖြစ်သာအများသောအားဖြင့် အသုံးချကြတာဖြစ်ပါတယ်။ မိတ်ကပ်ကဲ့သို့ အဆင့်သင့်သုံးစွဲနိုင်တဲ့ အစိုင်အခဲ၊ အမွှေးနံ့သာအပြင်၊ သနပ်ခါးဆေးမြစ်စုံ၊ သနပ်ခါးဆီ၊ သနပ်ခါးသားနဲ့ပြုလုပ်ထားတဲ့လက်မှုပစ္စည်း စတာတွေကိုလည်း တီထွင်ထုပ်လုပ်နေတယ်လို့ လုပ်ငန်းရှင်တွေက ရှင်းပြကြပါတယ်။

လက်ရှိမှာ သနပ်ခါးအပါအဝင် ဖာလာ၊ ဝဥ စတဲ့ သစ်မဟုတ်တဲ့ သစ်တောထွက်ပစ္စည်း၊ သစ်တောနယ်မြေပြင်ပ ပုဂ္ဂလိကပိုင်မြေနှင့် ကိုယ်ပိုင်ဥယျာဉ်ခြံမြေများမှာ စိုက်ပျိုးမှုကို သစ်တောဦးစီးဌာနက သစ်တောခွန်ကောက်ခွန်ခြင်းအပေါ် ကင်းလွတ်ခွင့်ပြုပြီးလည်းဖြစ်ပါတယ်။ သနပ်ခါးက သဘာဝ  အလျောက်ပေါက်ရောက်တာမဟုတ်ဘဲ စနစ်တကျစိုက်ပျိုးရတာဖြစ်ပါတယ်။

သနပ်ခါးစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေကဲ့သို့ လိုအပ်တဲ့အထောက်အပံ့တွေရရှိဖို့လည်း ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်သွားဖို့ရှိတယ်လို့ အခမ်းအနားတက်ရောက်လာတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ငွေက ဒီဗွီဘီကိုပြောပါတယ်။ လက်ရှိမှာတော့ မည်သည့်အထောက်အပံ့မှ မရသေးဘူးလို့ဆိုပါတယ်။

လက်ရှိမှာ သနပ်ခါးဈေးကွက်က ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စတဲ့နေရာတွေမှာသာ ပြည်တွင်းဈေးကွက်က အဓိကဖြစ်ထွန်းပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့ မြောက်အမေရိက၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် မြန်မာအများစုရှိတဲ့ နိုင်ငံ ၁၁ နိုင်ငံကိုလည်း တင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။ အခုလို အသင်းအဖွဲ့တွေဖွဲ့စည်းခြင်းအားဖြင့် သနပ်ခါးကဏ္ဍက ပိုမိုအဆင့်မြင့်လာပြီး အကောင်းဘက်ကို ဦးတည်သွားလိမ့်မယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013