DVB Logo
Home
မြန်မာသတင်း
FDA ထောက်ခံချက် မပါသည့်ပစ္စည်းများ အွန်လိုင်းတွင် ရောင်းချလျှင် အရေးယူမည်
DVB
·
November 11, 2017
FDA ထောက်ခံချက် မပါသည့်ပစ္စည်းများ အွန်လိုင်းတွင် ရောင်းချလျှင် အရေးယူမည်
Donate to DVB

အွန်လိုင်းရှော့ပင်တွေနဲ့ Multilevel Marketing (MLM) တို့က ရောင်းချနေတဲ့ ဓာတ်စာ၊ ဆေးဝါး၊ အစားအသောက်နဲ့ အလှကုန်ပစ္စည်းတွေမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က ထောက်ခံချက်မရှိကြောင်း စစ်ဆေးတွေ့ရှိပါက အမျိုးသားဆေးဝါးဥပဒေနဲ့ အရေးယူမယ်လို့ သိရပါတယ်။

ဒီကိစ္စကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ဗဟို)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သိရပါတယ်။

မွန်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က  “ပစ္စည်းတခုဟာ ကျနော်တို့ သတ်မှတ်ထားတဲ့ FDA စည်းမျဉ်းစည်းကမ်းနဲ့ ငြိစွန်းတယ်ဆိုရင်တော့ စီမံခန့်ခွဲမှု ဒါမှမဟုတ် ဥပဒေအရ ဆောင်ရွက်ခြင်းနည်းလမ်းကို ကျနော်တို့ ဘက်က ဆောင်ရွက်လို့ ရပါတယ်။ ဒီလုပ်ငန်းတွေကို အောက်ခြေမှာ ဆောင်ရွက်နေတာက မြို့နယ်အစားအသောက် ဆေးဝါးကြီးကြပ်ရေး ကော်မတီပါ။ ကျနော်တို့ အဖွဲ့အနေနဲ့ ဆောင်ရွက်ရမှာပါ။ မှတ်ပုံတင်စာရင်းသွင်းခြင်း မလုပ်ထားတဲ့ ဆေးဝါးတွေကိုတော့ တရားမ၀င်ဆေးဝါးလို့ ပြောလို့ရပါတယ်။ အွန်လိုင်းကပဲ ရောင်းချနေပါစေ။ တရားမ၀င်ဆေးဝါးရောင်းချမှုအတွက် အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ ၁၅(က)နဲ့ ငြိတဲ့အခါ ဥပဒေရဲ့ ပြဋ္ဌာန်းချက်အရ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်လို့ရပါတယ်။ ငွေဒဏ်တွေလည်း ရှိသလို ဒဏ်နှစ်ရပ်လုံးလည်းရှိပါတယ်။ Cosmetic တွေ၊ ဓာတ်စာတွေအားလုံးပါပဲ။ အရင်တုန်းကတော့ အွန်လိုင်းနဲ့ ပတ်သက်ပြီး ဘာမှ ကြပ်မတ်မှုသိပ်မရှိဘူး။ ဒီဟာတွေအခု အခွင့်အရေးယူပြီးတော့ တောနယ်ထိအောင် ဖောက်ထွက်ပြီးတော့ လုပ်လာကြတာတွေ ရှိလာတယ်။ ဆေးဝါးဆိုရင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရှိရမယ်။ တချိှု့ဓာတ်စာတွေဆိုရင်တော့ ကျနော်တို့ FDA ရဲ့သွင်းကုန်ထောက်ခံချက်ရှိတဲ့ ဓာတ်စာတွေဖြစ်ရပါမယ်။ ကျနော်တို့ဆီမှာ မှတ်ပုံတင်ခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို လုပ်ထားရပါမယ်။ မဟုတ်ဘူးဆိုရင်တော့ ဒါတွေကို ကျနော်တို့က တည်ဆဲဥပဒေတွေနဲ့ပဲ ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

အွန်လိုင်းကတဆင့် နယ်ဘက်အထိ အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင် ရောင်းချနေတဲ့ ပစ္စည်းတွေဟာ FDA ခွင့်ပြုချက်မရရှိထားဘဲ တချို့ဓာတ်စာတွေ ထောက်ခံချက်ရှိတဲ့ ပစ္စည်းတွေရောနှောပြီး ရောင်းချမှုတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“အားလုံးကိုတော့ မဆိုလိုပါဘူး။ သထုံမှာဖြစ်ခဲ့တဲ့အတွေ့အကြုံအရ သူတို့ရဲ့ ဈေးကွက်ထိုးဖောက်မှု နည်းပညာနဲ့ ကျေးရွာတရွာမှာ ရောင်းချနေတာသတင်းရတော့ ပစ္စည်း(၂) မျိုးလောက်ကထောက်ခံချက်ရယူထားတယ်။ နောက်ထပ် လေးငါးမျိုးလောက်က ကျနော်တို့ဆီက ထောက်ခံချက်မရထားဘူး။ သူတို့က ယူထားတာလည်းရှိသလို မယူထားတာလည်းရှိတယ်။ ထောက်ခံချက်မယူထားတာတွေလည်း တွဲပြီး လုပ်နေတဲ့ တရားမ၀င် အနေအထားတွေလည်း တွေ့ရပါတယ်” ဒေါက်တာစိုးနိုင်က ဆက်ပြောပါတယ်။

အမျိုးသားဆေးဝါးဥပဒေ ၁၅ (က) မှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေးဝါးတွေ၊ မှတ်ပုံတင်ခေတ္တရုပ်သိမ်းခြင်း ဒါမှမဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ထားတဲ့ ဆေးဝါးတွေ၊ ဆေးဝါးအတု၊ စံမညီဆေးဝါး၊ ပျက်ဆီးဆေးဝါး၊ ရောနှောဆေးဝါးတွေ၊ ဘေးဥပါဒ် ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ဖော်စပ်ထုတ်လုပ်ထားတဲ့ ဆေးဝါးတွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သုံးစွဲရန်မသင့်လို့ အမိန့်ကြော်ငြာစာထုတ်ပြန်ထားပါတယ်။

အဲဒီ ဆေးဝါးတွေအားလုံးကို ထုတ်လုပ်တာ၊ ပြည်တွင်းကိုတင်သွင်းတာ၊ ပြည်ပတင်ပို့တာနဲ့ သိုလှောင်ဖြန့်ဖြူးရောင်းချမှုတွေကို မပြုလုပ်ဖို့ တားမြစ်ထားပြီး လိုက်နာဆောင်ရွက်မှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်မှု ပြစ်မှုထင်ရှာစီရင်ခြင်းခံရပါက ငွေဒဏ် အနည်းဆုံး ငါးသောင်းကနေ ငါးသိန်း ကျပ်အထိဖြစ်စေ၊ ထောင်ဒဏ် ၇ နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ကျခံစေရမှာဖြစ်ပြီး ပြစ်မှုနဲ့ဆိုင်တဲ့ သက်သေခံပစ္စည်းအားလုံးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမယ်လို့ ဖော်ပြထားပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013