DVB Logo
Home
မြန်မာသတင်း
ကလေးစာပေပွဲတော်တွင် တေးသီချင်းဖြင့် ဖျော်ဖြေခဲ့သည့် လွှတ်တော်အမတ် (ရုပ်သံ)
DVB
·
November 11, 2017
ကလေးစာပေပွဲတော်တွင် တေးသီချင်းဖြင့် ဖျော်ဖြေခဲ့သည့် လွှတ်တော်အမတ် (ရုပ်သံ)
Donate to DVB

သထုံမြို့၊ ဂေါ့ကျေးရွာ၊ ကွန်ပျူတာတက္ကသိုလ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ကလေးစာပေပွဲတော်(သထုံ)မှာ ကလေးတွေ စိတ်ဓာတ်ခွန်အားရရှိစေဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဂီတရပ်ဝန်း လူငယ်ပရဟိတတေးဂီတအဖွဲ့က တောင်းဆိုခဲ့လို့ ဖျော်ဖြေပေးခဲ့တာဖြစ်ကြောင်း သထုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဒီဗွီဘီကိုပြောပါတယ်။

"သူတို့အဖွဲ့နဲ့အမက ရွေးကောက်ပွဲကတည်းက တောက်လျှောက်လိုက်ပေးနေကြတာ။ အမလုပ်တဲ့ ကမ်ပိန်းတွေမှာလည်း သူတို့ပါတယ်။ ဒီနေ့ပွဲမှာလည်း သူတို့အဖွဲ့နဲ့ပြန်တွေ့ပြီး သီချင်းတပုဒ်လောက်ဆိုပေးပါဆိုပြီး အတင်းဆွဲခေါ်တာနဲ့ ဆိုဖြစ်သွားတာပါ။"

"အဓိက ဒီမှာ ပါဝင်ဖြစ်တာက လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ရော နောက်ပြီး ကိုယ့်မြို့ကိုယ့်ရွာလည်းဖြစ်နေတော့ ဒါကိုလုပ်ပေးရမယ့် ဝတ္တရားက ရှိနေတာရယ်ကြောင့်ပါ။ ကလေးစာပေပွဲတော်လုပ်ဖို့ Idea ရတာက ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်လေးနွယ်ပါ။ ပြီးတော့ မြို့မိမြို့ဖတွေနဲ့ အရင်ဆုံးတိုင်ပင်ပြီးမှ သထုံမှာရှိတဲ့ စာကြည့်တိုက်များ ကွန်ယက်အဖွဲ့တွေနဲ့ စခဲ့တဲ့အပေါ်မှာ အစ်မတို့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးကလည်း ပူးပေါင်းပါဝင်ကူညီခဲ့ကြတာပါ။” လို့ သူကဆက်ပြောပါတယ်။

မွန်ပြည်နယ်အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ သထုံမြို့နယ်စာကြည့်တိုက်များကွန်ရက်တို့ ပူးပေါင်းပြုလုပ်တဲ့ ကလေးစာပေပွဲတော် (သထုံ) ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ ၃ ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ပွဲကျင်းပရေးဦးစီးကော်မတီအဖွဲ့ ပြောပါတယ်။

သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က "အခုအစိုးရသစ်လက်ထက်မှာ ကလေးစာပေတွေကို ပြန်လည်ဖော်ထုတ်ပြီး ကလေးတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ် အယူအဆတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီးကျင်းပရခြင်းဖြစ်ပါတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကလေးစာပေပွဲတော်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်အနေနဲ့ မြို့ကြီး ၅ မြို့မှာ ပြုလုပ်ပြီးစီးခဲ့ပြီး အခုနှစ်အတွင်း ခရိုင်အဆင့်အနေနဲ့ ပထမဆုံးပြုလုပ်တဲ့ ကလေးစာပေပွဲတော်အဖြစ် သထုံကွန်ပြူတာတက္ကသိုလ်မှာ ၃ ရက်ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါကလေးစာပေပွဲတော်မှာ ကဗျာ၊ ပုံပြင်ပြော၊ ပန်းချီ၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်နှင့် ဂိမ်းကစားနည်းပြိုင်ပွဲတွေအပြင် စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပြီး စာပေတိုက်တွေက သုတ၊ ရသ စာအုပ်တွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ လာရောက်ရောင်းချပေးကြမယ်လို့ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013